ဒီမိုကရေစီ သင်ခန်းစာများ

၂ဝ၁ဝ ရွေးကောက်ပွဲမှာ မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်တို့က သူတို့ရည်မှန်းချက်များ ဖြစ်အောင် အဓမ္မ နည်းလမ်းများဖြင့် စိတ်ကြိုက် ပုံဖော်ထားသည့် ရွေးကောက်ပွဲ ဖြစ်သည်။

အများပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်၍ အာဏာစက်ဖြင့် အဓမ္မ လုပ်ယူနေခြင်းကိုကပင် ဒီမိုကရေစီ ကျင့်စဉ် မဟုတ်ကြောင်း အထင်အရှား ပေါ်လွင်လျက်ရှိသည်။

ဒီမိုကရေစီ အကြောင်း များများသိလာပါက ဥာဏ်နီဥာဏ်နက်များပြီး ရက်စက်ယုတ်မာလှသော အာဏာရှင်လုပ်ရပ်များကို ကွင်းကွင်းကွက်ကွက် ပိုမို သိရှိလာပါမည်။

ထို့ပြင် ဒီမိုကရေစီ ကျင့်စဉ်များကို နားလည် သဘောပေါက်လာသည်နှင့်အမျှ အလိုလို ကျင့်ကြံမိလာမည် ဖြစ်သည့်အပြင် ဒီမိုကရေစီကိုလည်း ပိုမို ထိန်းသိမ်းစောင့်ရှောက်လာမည် ဖြစ်သည်။

ယင်းမှာ အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် လူတဦးချင်းစီ၏ အခြေခံကျသော လက်နက်ကောင်းတခု ဖြစ်သည်။

အပြည့်အစုံ ဖတ်ရန် Download

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းမှုကို တတပ်တအား ပံ့ပိုးပေးသည့်အနေဖြင့် ဤစာအုပ်ကို မည်သူမဆို ခွင့်ပြုချက် တောင်းနေစရာ မလိုပဲ ထပ်မံ ဖြန့်ချိဝေငှနိုင်ပါသည်။

ဘွိုင်းကောက် ၂ဝ၁ဝ (အတွဲ ၁ အမှတ် ၄ – စက်တင်ဘာ ၁၉၊ ၂ဝ၁ဝ)

အစအဆုံး ဖတ်ရန်  All Download – Boycott Vol (4)

အယ်ဒီတာတွေပြောတဲ့ ရွေးကောက်ပွဲ

အယ်ဒီတာတွေပြောတဲ့ ရွေးကောက်ပွဲ

မြန်မာနိုင်ငံမှာ အနှစ် (၂၀) ကျော်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပေး မယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အလားအလာ၊ လက်ရှိအခြေအနေ၊ ဂယက် ရိုက်ခိုက်မှုတွေကို ပြည်တွင်းပြည်ပရှိ သတင်းအယ်ဒီတာတွေ ဘယ်လိုမြင်ကြပါသလဲ။ “အယ်ဒီတာတွေပြောတဲ့ ရွေးကောက်ပွဲ”ဆိုင်ရာများကို စုစည်းတင်ပြပေးထားပါတယ်။ (ဗွီအိုအေ)

မထူးတဲ့ပြဇာတ်

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး                                                      ကြာသပတေး, 30 စက်တင်ဘာ 2010

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်ယုံကြည်မှု မရှိပါ။ ရွေးကောက်ပွဲ အခြေခံဥပဒေမှာ ပါတဲ့  လွတ်တော်(၇)ရပ်မှာပါတဲ့အမတ်လောင်းတွေကလည်း  လက်ရှိစစ်အစိုးရကလူတွေကိုပဲ အရောင် ပြောင်းလိုက်ခြင်းသာ  ဖြစ်ပါလိမ့်မယ်၊ လက်ရှိအနေအထားမှာလည်း   စစ်အစိုးရ အရာရှိတွေ အင်္ကျီလဲ နေကြဆဲပါ။  ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေကလည်း အိမ်ဖြည့်ကစားနေကြသလို ခံစားရ ပါတယ်။

ဘာကြောင့်လဲဆိုတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းခြင်း ပါတီကအတွင်းရေးမှုး   ကိုနေမျိုးဝေ နဲ့  သူတို့ ပါတီလုပ်ငန်းစဉ်ကို ဆွေးနွေးကြည့်တဲအခါ နိုင်ငံရေးကို ကလေးတွေ ဆော့သလို ပေါ့တီးပေါ့ပျက် တာဝန် မယူတဲ့ စကားတွေပြောနေတယ်။  ပါတီတိုင်းကလည်း သူတို့လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုပဲ ပြော နေကြတယ်။

စည်းရုံးရေးဆင်းနေကြပြီ၊ ဘယ်လိုစည်းရုံးလို့ရပြီလဲ၊ ရပ်ကွက်ထဲကိုလည်း မေးကြည့်ပါအုံး၊  ပါတီဘယ် နှစ်ခုရှိသလဲ၊ ဘယ်ပါတီတွေလည်းဆိုတာ ပြည်သူတွေက မသိကြဘူး၊ premier league ဘော်လုံးပွဲ လောက်တောင်  စိတ်မ၀င်စားကြဘူး။  ဒါကလည်း စစ်အစိုးရက ပြည်သူတွေကို နိုင်ငံရေး စိတ်ဝင်စားမှု အရှိန်ကို ဖိနှိပ်ထားတာ၊ ကျနော်တို့လို ရွေးကောက်ပွဲကို တခါမှ မကြုံဘူးသူတွေဆိုရင် စာမဖတ်တဲ့ အုပ်စု တွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိကြဘူး။

မြန်မာနိုင်ငံမှာ လှူုဦးရေ သန်း(၆၀)ရှိတဲ့အထဲ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်တွင်း လူဦးရေက အများ ဆုံးပဲလို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ရွေးကောက်ပွဲကို တကယ် မဲပေးဘူးသူတွေဟာ  အသက် (၄၀) ဝန်ကျင်တွေပါ၊ ဒါ့ကြောင့် တနိုင်ငံလုံး မှာ  လူဦးရေများတဲ့ အသက်အပိုင်း အခြားလူတွေက ရွေးကောက် ပွဲကို မဖြတ်သန်းဖူးသူတွေ၊ နားမလည်တဲ့ သူတွေများနေတယ်။ ရွေးကောက်ပွဲ ၀င်ဘူးတဲ့သူ၊ စည်းရုံးဖူး တဲ့ သူတွေကို  ထောင်ထဲထည့်တာလုပ်နေတယ်။ လူငယ်တွေ ကြောက်ရွံနေအောင် စစ်အစိုးရက လုပ်နေတယ်။

ဒါ့ကြောင့် ကိုယ်ကမကြိုက်တာကို မကြိုက်တဲ့အတိုင်း ဆန့်ကျင်ပိုင်ခွင့်ရှိရမယ်။  ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ အခုလက်ရှိမှာ ကြိုက်ရင်လည်းဒါပဲ၊ မကြိုက်ရင်လည်းဒါပဲ ဖြစ်နေတယ်။

ကျနော်နယ်ကို ပြန်သွားတဲ့တခေါက် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ ရပ်ကွက်လူကြီးက လာပြော တယ်။ နေ့လည် ၁၂ နာရီထက်မကျော်ရဘူးပေါ့၊   ကျနော်က နေ့လည် ၁၂နာရီထိုးဖို့ (၅)မိနစ် လောက်အလို ရောက်သွားတော့  ရပ်ကွက်လူကြီးက ရပြီ ပေးစရာမလိုတော့ဘူး။ ပြည့်သွားပြီလို့ပြော တယ်။  ပြောလိုက်ပုံက တော်တော် ရီစရာကောင်းတယ်၊ တကယ်တရားမျှတတာဆိုရင် ဒီလိုမျိုးတွေ လုပ်စရာမှမလိုတာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြန်ဆက်ရမယ်ဆိုရင် လက်ရှိ ပါတီထောင်ထားတဲ့သူ တွေ စည်ပင်ပိုင်နယ်မြေထဲမှာ စည်းရုံးမယ်ဆိုရင် စည်ပင်ခွင့်ပြုချက်ရှိမှ ဟောပြောပိုင်ခွင့်ရှိတယ်။  ဒါဟာ တရားမျှတယ်လို့ ပြောမလား၊ ပါတီထောင်တဲ့ သူတွေကရော ဒီလပိုင်းတွင်း တနိုင်ငံလုံးမှာ ရုံးခွဲတွေဖွင့်ပြီး စည်းရုံးနိုင်တဲ့ အင်အားရှိလို့လား၊ ဘဏ္ဍာရေးကော တောင့်တင်းသလား၊ တခုမှ မရှိဘူး။ ကြံဖွံ့ပါတီက တနိုင်ငံလုံးမှာ ရုံးခွဲတွေရှိတယ်၊ အဲဒီလို ရှိအောင်လည်း အနှစ်(၂၀)စီမံကိန်းနဲ့ လုပ်ခဲ့တော့ သူတို့ပဲ လာမယ့် ရွေးကောက်ပွဲမှာ တဖက်သတ် အနိုင်ယူသွားမယ်လို့ ကျနော်မြင်မိပါတယ်။

နားဆင်ရန်

ရွေးကောက်ပွဲဟာ အဖြေလား

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး                                              သောကြာ, 03 စက်တင်ဘာ 2010

လာမယ့် နိုဝင်ဘာလ(၇)ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်၊ အနှစ် နှစ်ဆယ်အတွင်း ကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲဖြစ်လို့ ကြိုဆိုကြသူတွေလည်းရှိပါတယ်၊ ထို့အတူပါပဲ  တချို့ ကလည်း ရသလောက်ယူကြမယ်၊ ပါလီမန်ထဲ ခြေချနိုင်အောင် ကြိုးစားပြီး ပါလီမန် တွင်း တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အယူအဆတွေလည်း ရှိကြပါတယ်။

အကောင်းမြင်လွန်းတဲ့ အယူအဆတွေပါ၊ အဲ့ဒီ အယူအဆတွေဟာ အခုချိန်မှာတော့ တဖြည်းဖြည်း မှေးမှိန်စ ပြုလာနေပါပြီ။ နိုဝင်ဘာ(၇)ရက်လို့ ရွေးကောက်ပွဲ သတ်မှတ်လိုက်တယ်။ အဲဒီလို သတ်မှတ် လိုက်ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် တွေဟာ ဖုတ်ပူမီးတိုက်ပါပဲ။

တည်ထောင်စ ပါတီတွေ ကသောင်းကနှင်းနဲ့ အကြပ်ဖြစ်နေကြကုန်တော့တာပါပဲ၊ အဲ့ဒီအချိန်မှာ အာဏာ လက်ရှိဝန်ကြီးတွေဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့် ပြီး ဆောင်ရွက်နေတာကို တွေ့ကြရမှာဖြစ်ပါတယ်။ လက်ရှိ အာဏာပါဝါကို အသုံးပြပြီး ဆောင်ရွက်နေ တာ အားလုံးအသိပါ။ လက်ရှိ အာဏာပါဝါကို အသုံးပြုပြီး မဲရရှိရေး၊ ရွေးကောက်ပွဲ အနိုင်ရရေး ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးပါတီရဲ့  လုပ်ရပ်တွေကိုကြည့်ရင် လာမယ့် နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲ ဟာ ဘယ်လိုမှ တရားမျှတမှု ရှိမှာမဟုတ်သလို။ လွတ်လပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်မှာမဟုတ်ဘူး။

တခါ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကလည်း သိပ်မလိုတော့ပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ တခုရဲ့   အခင်း အကျင်း။ ရွေးကောက်ပွဲရဲ့  အင်္ဂါရပ်တွေကတော့ မတွေ့ရသလောက်ပါဘဲ။ မဲဆန္ဒရှင် ပြည်သူလူထု ကိုယ် တိုင်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမရှိ၊ တက်ကြွမှုတွေ ပျောက်ဆုံးနေသလို ခံစားနေ ကြရပါတယ်။

နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲနဲ့ မဲဆန္ဒရှင် ပြည်သူလူထုနဲ့က ကင်းကွာပြီး တသီးတခြားစီ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ဒါကလည်းသိပ်တော့ မဆန်းကြယ်ပါဘူး၊ ဘာ့ကြောင့်လဲဆို ရွေးကောက်ပွဲ မကျင်းပ ခင်က အဖြေကထွက် ပြီးသားဖြစ်နေလို့ပါ၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တာမဖြစ်တာ အရေးမကြီးပါဘူး။ ထို့အတူ နိုင်ငံ တကာက အသိအမှတ်ပြုခြင်း မပြုခြင်းဟာလည်း အရေးမကြီးလှပါ ဘူး၊ အရေးကြီးတာက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီနိုင်ဖို့ပါ။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်တယ်ဆိုတဲ့ အဖြေကိုရအောင်လုပ်မှာပါ။ သူတို့စစ်ဗိုလ်၊ စစ်သားတွေပြော လေ့ရှိတဲ့ စကားအတိုင်းပါပဲ ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ် ဆိုတဲ့ စကားအတိုင်း ပါ။ ရွေး ကောက်ပွဲမှာ နိုင်ကိုနိုင်ရမယ်ဆိုတာပါ။

ဒါကြောင့် စောစောက အကောင်းမြင် အယူအဆရှိသူတွေ၊ ဒီမိုကရေစီ လိုလားတဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဟာ ပြန်လည် သုံးသပ်ပြီး လက်တွေ့ကျကျ လုပ်ဆောင်ကြဖို့ လိုပါလိမ့်မယ်။

မိမိတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာနိုင် မဖြစ်လာနိုင်ပေါ့၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အင်အားစု တွေနဲ့ စစ်တပ်အာဏာပိုင်တို့ ထိပ်တိုက်တွေ့ အားပြိုင် လာကြတာ နှစ်တွေမနည်းတော့ပါဘူး။ အနှစ် နှစ်ဆယ် မဟုတ်ပါဘူး၊ နှစ်ပေါင်း ၅ဝ နီးပါးရှိနေပါပြီ။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့  သဘောသဘာဝ၊ လုပ်ရပ် နဲ့ အတွေးအခေါ်တွေကို အကဲဖြတ်နိုင်ကြဖို့ ကောင်းပါပြီ။ ဆိုလိုတာက နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ ဟာ မြန့်မာနိုင်ငံရေး ပြဿနာရဲ့  အဖြေမဟုတ်ဘူး ဆိုတာပါပဲ။ ထို့အတူ ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် ကျင်းပပြုလုပ်တာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပြုသင့်လှပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကြီးကြီး မထားသင့်ပါဘူး။ ထို့အတူ ရွေးကောက်ပွဲ ဟာ အပြောင်းအလဲမရှိ တစုံတရာကို ဖြစ်ပေါ်စေမှာ မဟုတ်သလို ရွေးကောက်ပွဲဟာ အဖြေတခုလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ပြီးကာလဟာ ပိုမိုရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေမယ် ဆိုတာပါ။

အဲ့ဒါတွေကတော့ တိုင်းရင်းသားပြဿနာ၊ စီးပွားရေး ကျပ်တည်းမှု၊ နိုင်ငံတကာ အသိအမှတ်မပြုမှု နဲ့ နျူကလီးယား ပြဿနာတွေပဲ ဖြစ်ပါတယ်။

နားဆင်ရန်

မစပ်မယ့် လယ်ပွဲ စောစောကဖြုတ်

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး ဗုဒ္ဓဟူး, 25 သြဂုတ် 2010

အခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့  ညည်းညူသံတွေ ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာရတယ်၊ ပထမတော့ စစ်အစိုးရက ၂ဝ၁ဝ ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သာ ပြောထားတာ။ တကယ်ရော ကျင်းပနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ စောင့်ကြည့်နေခဲ့ကြ တယ်။ တကယ်လည်း သံသယဖြစ်စရာပါပဲ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD နဲ့လည်း ဆွေးနွေးညှိနှိုင်း အဖြေမရှာဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆက်ဖမ်းထားတယ်၊ နယ်ခြားစောင့် တပ်ဖွဲ့ရေးအတွက် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာလည်း အကြိမ်ကြိမ်ရှိပြီး မပြေလည်သေးဘူး။ ဒါ့အပြင် နိုင်ငံရေးသမားတွေကိုလည်း ရာနဲ့ချီထောင်ထဲထည့်ထားဆဲ၊ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲ တခုကျင်းပဖို့ ဘယ်လို့မှမသင့်တော်ပါဘူး။ ဒါပေမယ့် မြန်မာစစ်အစိုးရက အဲ့ဒီအခြေအနေတွေကို လုံးဝ တွက်ပုံမရဘူး။ ရွေးကောက်ပွဲရက်ကို ဆိုင်းမဆင့် ဗုံမဆင့် ကြေညာလိုက်တယ် နိုဝင်ဘာလ (၇) ရက်နေ့ တဲ့၊

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်ကြေညာလိုက်တော့ ရွေးကောက်ပွဲ ဝင်ချင်သူတွေ၊ ရွေး ကောက်ပွဲဟာ ထွက်ပေါက်ပဲလို့ ယူဆထားသူတွေဟာ အတော်ကလေး စိတ်သက်သာရာ ရသွားပုံ ပေါ်ပါတယ်။ ဒါပေမယ့် ဆက်လက်ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကတော့ အစီအစဉ် မကျ၊ ဥပဒေနဲ့လည်းမညီ၊ အတော့ကို ကမောက်ကမ နိုင်လှတာကို တွေ့ရတယ်၊ ပါတီတွေမှတ်ပုံတင်တာ မပြီးသေးဘူး ပါတီဝင်အင်အား တင်ပြနေကြဆဲ။ အဲ့ဒီလို အခြေအနေမှာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကြမယ့် ပါတီအသီးသီးရဲ့  ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းခိုင်းတယ်။ အချိန်က နှစ်ပတ်သာသာ ၁၆ ရက်ပဲ ရကြတယ်။ ဘယ်လိုလုပ်ကြမလဲ။ ပါတီခေါင်းဆောင်တွေ ခေါင်းချင်းဆိုင်ကြ ဆွေးနွေးကြနဲ့ မျက်ဖြူဆိုက်ကုန်ပြီ။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုပါပဲ။ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်နေချိန်မှာ လက်ရှိ အာဏာရ ဝန်ကြီးတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ နိုင်ငံနှင့်အဝှမ်း စည်းရုံးရေးလုပ်ငန်းတွေကို ခြိမ်းတခါ ခြောက်တလှည့်။ ချော့တခါ မြှူတလှည့်နဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြတယ်။

အစိုးရစရိတ်နဲ့သွား အစိုးရအာဏာကို အသုံးပြု၊ အစိုးရရဲ့  သတင်းစာ ရေဒီယို ရုပ်သံတွေကို အသုံးပြု ဝါဒဖြန့်နေလိုက်ကြပုံများ တကယ့်ကို တရားကျလောက်ပါရဲ့။ ကမ္ဘာပေါ်မှာ သူတို့လောက် ပြည်သူကို လေးစား တန်ဘိုးထား သူ မရှိဘူးဆိုတဲ့ စတိုင်တွေနဲ့ ဒီနေရာမှာ ကြုံလို့ ရန်ကုန်မြို့ တော်ဝန်ကြီးရဲ့  စကား ကို တင်ပြပါရစေ။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အလုံမြို့ နယ် လွှတ်တော် ကိုယ်စားလှယ်တဦးကို မြို့ တော်ဝန်ကြီးက
“အမတ်မင်း ဘာမှမပူနဲ့ ခင်ဗျားနိုင်အောင် အားလုံး စီစဉ်ထားပြီးပြီ၊ ရွေးကောက်ပွဲနေ့မှာ မဲ ငါးထောင်ပဲရ၊ ခင်ဗျားနိုင်ပြီ၊ အမတ်ဖြစ်ပြီ” တဲ့ဗျာ၊ ဘယ်လောက် ပိုင်သလဲ၊ ရွေးကောက်ပွဲမပြီးခင် အမတ်ဖြစ်နေပြီ။

အဲဒီလို အခြေအနေမျိုးမှာ တည်ထောင်စ ပါတီတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ ဘယ်လို ယှဉ်ပြိုင်ကြမှာလဲ။ စဉ်းစားကြပါ၊ နိုင်ငံရေးဆိုတာ လက်တွေ့ကျဖို့လိုပါတယ်။ အခုအချိန်မှာ လက်တွေ့အ ကျဆုံးနဲ့ ဂုဏ်သိက္ခာ အရှိဆုံးလုပ်ရပ်ကတော့ တရားမျှတမှုမရှိ၊ လွတ်လပ်မှု မရှိတဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ကြဖို့ပါပဲ။ ကြံ့ခိုင်ရေးပါတီ တစ်ကောင်တည်းပြေးပြီး ပထမ ပန်းဝင်သွား ပါစေ။ အဲ့ဒါ ပွဲပြီးသွားတာ မဟုတ်သလို အဖြေလည်းမဟုတ်ပါဘူး၊ ပါတီစုံ ဝင်ပြိုင်တယ်။ အလွှာစုံပါတယ်၊ အင်အားစုတွေ အားလုံးပါဝင်တယ်လို့ စစ်အစိုးရက အာဆီယံ အပါအဝင် နိုင်ငံတကာကို ပြနိုင်ဖို့အတွက် အသုံးချ မခံရရေးက ပိုအရေးကြီးပါတယ်၊ ဒီနေရာမှာ လယ်သမားတွေ သုံးလေ့ပြောလေ့ ရှိတဲ့ စကား လေးတခု ဥပမာ ပေးပါရစေ “မစပ်မယ့်လယ်ပွဲ စောစောဖြုတ်ကွာ” တဲ့၊ ဆိုလိုတာကတော့ ဒီနေ့ ထယ်ထိုး လို့ လယ်ထွန်လို့ မပြီးမယ့် အတူတူ နေမြင့်အောင် အချိန်လင့်အောင် အပင်ပန်း မခံတော့ဘဲ ထယ်ရှဉ်းကို စောစောဖြုတ်မယ်ဆိုတဲ့ သဘောပါ။

ဒါ့ကြောင့် စစ်အစိုးရ ထောင်ခြောက်ထဲက ရုန်းထွက်ကြပါ။ ရွေးကောက်ပွဲကို စွန့်ခွာကြပါ၊ ရွေးကောက်ပွဲ ပြီးတာဟာ ပွဲပြီးသွားတာ မဟုတ်ပါဘူး၊ ပွဲစတာသာဖြစ်ပါလိမ့်မယ်။

နားဆင်ရန်

သူ့ဘက်က ကြည့်တော့လည်း အမှန်သား

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး တနင်္ဂနွေ, 29 သြဂုတ် 2010

ရွေးကောက်ပွဲ ဆိုတာနဲ့ အတော်ကြီးကို စိမ်းနေခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အနှစ် ၂ဝ အတွင်း ပထမဆုံး ရွေးကောက်ပွဲအဖြစ် ၂ဝ၁ဝ ခု နိုဝင်ဘာလ (၇) ရက်နေ့မှာ ပါတီမစုံ့တစုံ ရွေးကောက်ပွဲကြီးကို ကျင်းပ တော့မယ်တဲ့။

ဒီနေ့ သြဂုတ်လ(၂၅)ရက်နေ့ကစပြီး ရေတွက်ရင် လပိုင်းပဲ လိုပါတော့တယ်၊ ဒါကြောင့် အဲဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ကြုံတောင့်ကြုံခဲမို့ စိတ်လှုပ်ရှား တက်ကြွရင်ခုန်စရာ အလွန် ကောင်းနေလိမ့်မယ်လို့ ထင်စရာတော့ရှိလေရဲ့။ ဒါပေမဲ့ နှစ်ဖက် မိဘကလည်း သဘောမတူ အရပ်က လည်း မကြည်ဖြူတဲ့ လိင်တူချင်း လက်ထပ်တော့မယ့်ပွဲလို မတင့်မတယ်မို့ အေးတိအေးစက်ပါပဲ။

ဘာတွေများ ဖြစ်လာမလဲလို့ စိတ်ဝင်စားသူ ရှိကောင်းရှိနိုင်ပေမဲ့ ပါဝင်ပတ်သက်ချင်သူကတော့ ခပ်ရှား ရှားပဲဆိုတာ ကြားနေမြင်နေရပါတယ်။

တချို့ ကတော့လည်း ပြောကြတယ် ဒီပွဲက မရှုမလှနဲ့ ဘဝကူးသွားခဲ့ရလေသူ ဟိုဘက် တခေတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ကနေ ဦးနေဝင်း လက်ထဲ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာပြောင်းပေးတဲ့ပွဲလို အတူတူနဲ့ အနူနူပါပဲ။ ဒါပေမဲ့ တကယ်တမ်းကြည့်ရင် ဒီနှစ်ခုက ဆင်သာဆင် ထပ်တူမကျပါဘူး။

မြန်မာနိုင်ငံရဲ့  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ပြန်ကြည့်ရင် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ နဲ့ ၂ဝဝဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွေဟာ တခုနဲ့တခု မတူကြပါဘူး။ သီးခြား ခေတ် တခုစီကို ဖော်ဆောင်ခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်တုန်းက ရေးဆွဲခဲ့တဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ ပြည်သူတွေကနေ ဒီမိုကရေစီ နည်းကျ မဲပေးပြီး ရွေးကောက် တင်မြောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို အမျိုးသား ခေါင်းဆောင် ကြီးတွေ အပါအဝင် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေက ရေးဆွဲပေးခဲ့တဲ့ ပြည်သူ့ဆန္ဒ အစစ်အမှန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။

နောက် ၁၉၇၄ ဥပဒေ ဒီ ဥပဒေကတော့ ကမ္ဘာကြီးပေါ်မှာ လက်ဝဲလေတွေ ထန်နေတုန်း အဲဒီ လေထဲမှာ ခိုစီးလိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လက်ဖြစ် အညမည ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါပဲ။ စစ်အာဏာရှင် စံနစ်ကို ဆိုရှယ်လစ် အရေခြုံဖို့ လုပ်ခဲ့တဲ့ဥပဒေပါ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တာခြင်း မှာတော့ ၂ဝဝ၈ နဲ့ တူပါတယ်၊ ဒါပေမဲ့ ၇၄ တုန်းက ဦးနေဝင်းဟာ ပြည်သူတွေကို ပိပိယိယိနဲ့ လိမ်လည် လှည့်ဖျား နိုင်ခဲ့ပါသေးတယ်။

သိမ်သိမ်မွေ့မွေ့နဲ့ ကောက်ကျစ်မှုလို့ ဆိုရမှာပေါ့။ ဥပဒေ မူကြမ်းကို ပြည်သူတွေကြားထဲ ကြိုကြိုတင်တင် ချပြ၊ အကြံပြုချက်၊ ဝေဖန်ပြင်ဆင်ချက်တွေကိုတောင်မှ ပြင်ပေးတာမပေးတာ အပထား မင်သေသေနဲ့ ရအောင် ယူခဲ့သေးတာပါ။ အဲ့ဒီ ဥပဒေမှာ ပြည်သူတွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သဘောပါပဲ။

အခု ၂ဝဝ၈ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့  ဥပဒေကကျတော့ စစ်ဧကရာဇ်ရဲ့  အစွယ်ကို ဒီမိုကရေစီ ပဝါနဲ့ ဖုံးဖို့ ကြိုးစားခဲ့တဲ့ အဓမ္မ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဖြစ်သွားပါပြီ။ ဥပဒေ တခုလုံး စစ်အာဏာရှင်အတွက် ဖြစ်နိုင် ဖို့ လက်ညှိးထောင်ခေါင်းညိတ် ပုတ်သင်ညိုတွေကို ညောင်နှစ်ပင်လှောင်အိမ်ထဲ မောင်းသွင်းပြီး တဖက် သတ် တိတ်တိတ်ရေးလာခဲ့တဲ့ ဥပဒေပါ၊ ဒီ ဥပဒေကို ပြည်သူတွေကို အသိပေး ရှင်းပြတာမျိုး လုံးဝမလုပ် ဘဲ နာဂစ်မုန်တိုင်းကြီးအောက်မှာ မြန်မာပြည်သူတွေ စိတ်ဒုက္ခရောက်နေတုန်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဆိုတာနဲ့ လည်ပင်းဖျစ်ပြီး အတည်ပြုချက် လုပ်ယူခဲ့တာပါ။

အခုတော့ အဲဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးကို အခိုင်အမာ ထပ်ပြုပေးရမယ့် ရွေးကောက်ပွဲကြီး ဟာ လပိုင်းပဲ လိုပါတော့တယ်၊

စစ်အုပ်စုကပဲ ကြီးစိုးထားတဲ့ စစ်အာဏာရှင်အလိုတော်ရိ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်ဘဏ္ဍာ၊ နိုင်ငံ တော်အာဏာတွေကိုဖောဖောသီသီအသုံးပြုပြီး ရွေးကောက်ပွဲပြေးလမ်းပေါ်မှာ တကောင်တည်းပြေးတဲ့ မြင်းလို အရှိန်အဟုန်နဲ့ ပြေးနေပါပြီ၊ ပြိုင်ဘက်တွေကတော့ နာလန်မထူနိုင်ကြပါဘူး၊ ဒီလိုဖြစ်အောင် လည်း အနဖက ရွေးကောက်ပွဲဥပဒေအပါအဝင် အတားအဆီး အခက်အခဲ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ ပြေးလမ်းမှာ ခြေထိုးခံထားတာပါ၊

ဒါလည်း သူ့ဘက်ကကြည့်တော့ အလွန်သဘာဝကျသလောက် လုပ်ထိုက်ပါပေတယ် လို့ပြောရမှာပါ၊

ဘာကြောင့်ဆို ၁၉၉ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတုန်းက သမာသမတ်မ္ခသယောင်ယောင် အတတ် ဆန်းခဲ့မိလို့ တပ်မတော်အပါအဝင် ပြည်သူတွေရဲ့တခဲနက်ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြေပြိုသလို အနိုင်ရ လိုက်ခဲ့တာကို နအဖကြီး သေရာပါ နောင်ကျဉ်သွားခဲ့ပါပြီ၊

ဒီတခါတော့ တရားတာမတရားတာ။ လွတ်လပ်တာမလွတ်လပ်တာအသာထား စစ်အာဏာ လက်မလွတ် ရဖို့ ဥပဒေတွေ မှန်သမျှ တစ်ဖက်သတ်ဆွဲပစ်လိုက်တယ်။ ရွေးကောက်ပွဲဆိုတာကိုလည်း အတုအယောင် လို့ ပြောပြော၊ ဟန်ပြလို့ဆိုဆို၊ မတရားဘူးလို့ မြင်မြင်၊ ကိုယ်တိုင် အပိုင်မွေးမြူးထားတဲ့ ခြင်္သေလေး အနိုင်ရမှ ဖြစ်မှာမို့ သေချာအောင် ပြိုင်ဘက်တွေကို လည်ပင်းနင်းထားပေးရတယ်။ မတရားဘူးလို့ ဘယ် အကောင်က ပြောပြော။ ကမ္ဘာမကလို့ စကြာဝဠာကြီးကပဲ ပြောပြော ကြံ့ဖွတ် အနိုင်ရအောင် လုပ်ရမှာပဲ လို့ စစ်အုပ်စုက ယတိပြတ် ဆုံးဖြတ်ထားတဲ့ ရွေးကောက်ပွဲကြီးသာ ဖြစ်ကြောင်းပါခင်ဗျား။

နားဆင်ရန်

ပျင်းစရာလည်းကောင်းပါ့ ရယ်စရာလည်းကောင်းပါ့

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး ဗုဒ္ဓဟူး, 08 စက်တင်ဘာ 2010

နိုဝင်ဘာမှာ ရွေးကောက်ပွဲလာမယ်။ ရွေးကောက်ပွဲဝင်ချင်ရင် ပါတီတွေထောင်ကြဆိုတာတော့ ဟုတ်ပါ ရဲ့။ ပါတီထောင်ကြရတာပေါ့။ ကိုယ်စားလှယ်လောင်းတွေရှာ၊ ရန်ပုံငွေတွေရှာ၊ ပါတီအင်အားတွေစု၊ နေရာထိုင်ခင်းတွေ စီစဉ်၊ ဆိုင်ဘုတ်တွေ တင်၊ စည်းရုံးရေးဆင်း၊ ဟောပြောသိမ်းသွင်း – အမလေး ပျင်းစ ရာကောင်းလိုက်တာ။

စောစောပိုင်းမှာတော့ အားတက်သရောပဲ။ ဂျာနယ်တွေက သူတို့ရောင်းကောင်းအောင် ပါတီတွေကို လိုက်ဗျူး၊ သဘောထားတွေ ထပ်ဆင့်ဖော်ပြ၊ ပါတီရဲ့  အဓိကရ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေ။ ပါတီက သူဘာသာလုပ်ရမှာတာတွေကို ဂျာနယ်တွေက ကိုယ်စားဝင်လုပ်ပေးကြတာတွေ။ ရွေးကောက်ပွဲကိစ္စကို စိတ်လိုလက်ရ ရှိနေတဲ့ ဂျာနယ်အုပ်စုက ဂျာနယ်ဆရာတချို့ ပါ။

ပါတီကိစ္စတွေကို ဖော်ပြကြ။ ခုနှစ်ဆွေး ရှစ်ဆွေး ရှေးအတီတေက နိုင်ငံရေးနွယ်တဲ့ သတင်းဟောင်းတွေ၊ ဓါတ်ပုံဟောင်းတွေ၊ ဆောင်းပါးဟောင်းတွေ ပြန်ဖော်ထုတ်ကြနဲ့ စောင်ရေတက်စေချင်တဲ့ ဂျာနယ်တချို့  ကပဲ ရွေးကောက်ပွဲကို စိတ်ဝင်စားကြတယ်။ ပြည်သူတွေကတော့ နကမ္ပတိ ဘာမှ မဖြစ်သလိုဘဲ နေကြတယ်။ တကယ်လည်း ဘာမှဖြစ်လာမှာ မဟုတ်မှန်းသိနေကြတော့ ခပ်ပျင်းပျင်းပါပဲ။ ဘယ်သူတွေ မှန်း မသိတဲ့ လူတွေနဲ့ တည်ထောင်ထားတဲ့ ပါတီတွေက အများကြီး။ လူထုနဲ့ အလှမ်းဝေးနေတဲ့ ပါတီတွေ က အများကြီး။ ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ နားရွက်မလှုပ်ဘဲ လုံးဝ အငြိမ်နေခဲ့ကြသူတွေက ခုတော့လည်း ပါတီတွေဖွဲ့လို့။ ခုမှ ဖဲဝိုင်းမှာ တအိမ်လိုနေလို့ ဝင်ရိုက်ပေးရသလို ဖြစ်နေပြီ။ ကဲ ဘယ်လောက်များ ပျင်းစရာကောင်းနေသလဲလို့။

တရားခံဘယ်သူလဲဆိုတာ ကြိုသိနေတဲ့ ခပ်ညံ့ညံ့ စုံထောက်ဝတ္ထုတပုဒ်ကို ဖတ်နေရသလိုပဲ မဟုတ်လား။

ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်း ပြိုင်ပွဲရဲ့  ဦးတည်ချက်။ ပြိုင်ပွဲတွေအတွက် သတ်မှတ်အရည်အချင်း ပြိုင်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေရဲ့  လက်ရှိ အနေအထား။ ပြိုင်ပွဲအပေါ် ဦးစီးသူရဲ့  သဘောထား ဆိုတာတွေဟာ ဘာတခုမှ အားရကျေနပ်လောက်စရာမရှိ။ အဆင်ပြေစေနိုင်တဲ့ နည်းလမ်းတွေအားလုံးကိုထိန်းချုပ်ထား။ ပြိုင်ချင်စရာ မကောင်းတဲ့ပြိုင်ပွဲဆိုတာ ကြာလေ ထင်ရှားလေ။ ထင်ရှားလေ ပျင်းစရာကောင်းလေ။ ရယ်စရာကောင်းတာကတော့ ချစ်တီးခေါင်း သန်းရှာလုပ်နေတာကို ရယ်ချင်တာ။ မင်းသားခေါင်း ဆောင်းထားတာကို ရယ်ချင်တာ။ အပေါ်ယံ ရွှေမှုံကြဲထားတာကို ရယ်ချင်တာ။ ကိုယ်သိပြီသား လျှို့ ဝှက် ချက်တွေနဲ့ ကိုယ့်ကို မျက်လှည့်လာပြနေတာကို ရယ်ချင်တာ။ ရှောမွေးကို ဗာရာဏသီချဲ့ နေတာ ရယ်ချင် တာ။ လူတွေကို နလဗိန်းတုံးတွေလို့ ထင်နေတာ ရယ်ချင်တာ။ လွှဆွဲတတ်ရုံ သံဖြောင့်အောင် ရိုက်တတ် ရုံ ရွေဘော်ထိုးတတ်ရုံနဲ့ အိမ်ကြီးအိမ်ကောင်းတဆောင် ဆောက်နိုင်မယ်လို့ ထင်နေတာကို ရယ်ချင်တာ။ သူခိုးက လူလူဟစ်နေတာကို ရယ်ချင်တာ။ သူများယောင်လို့ ဝင်ယောင်ပြီး အမောင် တောင်မှန်းမြောက် မှန်း မသိတာကို ရယ်ချင်တာ။ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ပြေးနေတာတောင် ပထမ မရမှာကို စိုးရိမ်နေတာကို ရယ်ချင်တာ။

အစဉ်အလာ ဆိုတာရှိတယ်။ သီလ သမာဓိ ပညာ ဆိုတာရှိတယ်။ ဒီပုတ်ထဲမှာ ဒီပဲချည်းပဲ ဆိုတာရှိတယ်။ ဓမ္မ၊ အဓမ္မ ဆိုတာရှိတယ်။ ကိုယ်ကျိုးစွန့်တယ် အနစ်နာခံတယ် ဆိုတာရှိတယ်။ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေဘူး ဆိုသူတွေရှိတယ်။ တွေ့ပါလိမ့်မယ်ဗျာ နိုဝင်ဘာလ(၇)ရက်နေ့ကျ။

နားဆင်ရန်

ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး သောကြာ, 10 စက်တင်ဘာ 2010

ဆွေးခုနှစ်ဆက် မျိုးခုနှစ်ဆက် စစ်ကျွန်ဖြစ်ဖို့ ဦးတည်သွားနေတဲ့ ရွေးကောက်ပွဲကတော့ စစ်တပ်က ဦးစီးပြီး နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပတော့မယ်။ လူထုက တကယ်ရော ဒီ ရွေးကောက်ပွဲကို စိတ်ဝင် စားကြရဲ့လား။ ကျနော်အထင်တော့ သိပ်စိန်မဝင်စားကြဘူးလို့ ထင်တယ်။ ဘာလို့ စိတ်မဝင်စားကြ တာလဲ။ နိုင်ငံရေးကို ကိုယ့်ထမင်းလုတ်လောက် အာရုံမထားနိုင်တာလည်းပါတယ်။ ပြီးတော့ နအဖ အစိုးရကလည်း  နိုင်ငံရေးနဲ့ လူထုနဲ့ ဝေးသထက်ဝေးအောင် နှစ်ပေါင်းများစွာ လုပ်ထားတာ။ နိုင်ငံရေးကို ကြောက်အောင် ခြောက်လှန့်ထားတာလည်း ပါတယ်။ ပြီးတော့ လူအများစုဟာ နအဖလုပ်နေတဲ့ ကိုယ့်မဲ ကိုယ်မပေးလိုက်ရဘဲ ထောက်ခံမဲတွေ ဖြစ်သွားတာမျိုး၊ ပြီးတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်း ရှိမှာ မဟုတ်ဘူးလို့ လူအများက သိနေတာရယ်။ နောက်ပိုင်း တေးထားတဲ့ ကိုယ့်ဖဲထုပ်နဲ့ ကိုယ်လာပြီး ကိုယ့်ဘာသာ ကုလားဖန်ထိုး ကိုယ့်ဘာသာ ဖဲချိုး ကိုယ့်ဘာသာ ဝေ။ ပြီးတော့ တဝိုင်းလုံးသိမ်း အနိုင်ရိုက်ရုံမကဘူး အိမ်ပေါင် ယာပြောင်ဖြစ်မယ့် ကစားဝိုင်းလို့ လူထုက နားလည်နေတာကြောင့် ဒီရွေးကောက်ပွဲကို စိတ်မဝင်စားကြတာပါ။

ဒီတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားရင် ဒီအတိုင်း ထိုင်နေကြမှာလား။ ကိုယ်မကြိုက်တဲ့ရွေးကောက်ပွဲ။ ကိုယ်လက်မခံတဲ့ ရွေးကောက်ပွဲကို ကိုယ်ဘာလုပ်နိုင်သလဲ။  ကျနော်တော့ ပြောလို့ဆိုလို့ ရမယ်လူတွေ။ ကျနော်ကို ဒုက္ခမပေးလောက်ဘူးထင်တဲ့ သူတွေကို ရွေးကောက်ပွဲမှာ မဲသွားမထည့်ဖို့ ပြောတာလောက် ပဲ လုပ်နိုင်တာမို့ မဲမပေးခွင့်လည်း ရှိတယ်။ မဲသွားမပေးကြနဲ့လို့ ပြောရ၊ ဟောရပါတယ်။  လူအများစုက ကြောက်စိတ်ဝင်နေကြတယ်။ မဲမပေးဘဲနေရင် ရတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အမတ်လောင်း မဟုတ် ရင် မဲမပေးဘဲ နေလို့ရတယ်ဆိုတာ မသိကြဘူး။ ဒီလိုဆိုရင် သူတို့က ကျုပ်တို့မဲတွေကို သူတို့ဘာသာ ကောက်ထည့်သွားမှာပေါ့လို့  ပြောသူကလည်း ပြောကြသေးတယ်။ ပြောကြတဲ့သူတွေလည်း မလွန်ပါ ဘူး။ သူတို့က ဒီစကားကို ယုံယုံကြည်ကြည် ပြောနေကြတာလေ။ အထူးသဖြင့် အစိုးရဝန်ထမ်းလောက မှာ ဒီလို အပြောအဆိုမျိုးတွေ ပြောကြလေ့ရှိတယ်။ သူတို့ခမျာ ဝန်းထမ်းဘဝမှာ ခေါက်ရိုးကျိုးနေကြရှာ တယ်။ ကျိုးနေတဲ့ ခေါက်ရိုးထဲမှာ အကြောက်တရားရယ်၊ ဘယ်အစိုးရတက်တက် ငါတို့ဘဝ ဒီလိုပဲ နေမှာ ပါ ဆိုတဲ့ မထူးဇာတ်ကို ကိုယ်တိုင်ပါဝင် ကပြနေကြရရှာတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်တဲ့ ကျနော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တယောက် မဟုတ်ပေမယ့် ရွေးကောက်ပွဲကို အခုလို လမ်းစဉ်ချမှတ်ပြီး သပိတ်မှောက်တာကို ကြိုဆိုထောက်ခံပါတယ်။

ပြည်တွင်း မီဒီယာတွေမှာ နယ်ခြားစောင့်တပ်တွေဖွဲ့တဲ့ သတင်းတွေ၊ တက္ကသိုလ်မြတ်သူ နဲ့ ဒေါက်တာ တင်ထွန်းဦး တို့ ပြည်ခိုင်ဖြိုးပါတီ ဝင်ရောက်အားဖြည့်၊ ဦးချစ်ခင်ရဲ့  ဧဒင်အုပ်စု ကုမ္မဏီမှ ဖွင့်မည့် မြန်မာ့ ရှေ့ ဆောင် ရန်ကုန်ဘဏ်ခွဲနှစ်ခု၊ ကယားပြည်နယ် လွိုင်ကော်မြို့ နယ်မှာ ရွေးကောက်ပွဲ လုပ်ငန်းသရုပ်ပြ ရှင်းလင်းပွဲကျင်းပ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် မင်းဘူး၊ အမ်း၊ စစ်တွေ လမ်းပေါ်ရှိ သယု (ပဲပဒုံ) ကြိုးတံ တားဖွင့်ပွဲ အခမ်းအနားကျင်းပ ဆိုတဲ့ သတင်းတွေ ပါရှိနေချိန်မှာ ဒီ ဆောင်းပါးကို ရေးပါတယ်။

သပိတ်၊ သပိတ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဒီအသံကျယ်စေချင်တယ်။ တနိုင်တပိုင်“လက်တို့”  ပြောတဲ့ နည်းနည်းဖြစ်ဖြစ် မီဒီယာမျိုးစုံကပဲ အသံပေးရေးသားလို့ဖြစ်ဖြစ် ကြောက်စိတ်တွေပျောက်ကုန် အောင် သပိတ်သံ နာနာပေးမှ တော်ကာကျလိမ့်မယ်။

ဆရာဦးဝင်တင် ပြောခဲ့ဖူးတဲ့စကားကို ကိုးကားပြီး ဒီ ဆောင်းပါးကို အဆုံးသတ်ပါမယ်။ “ငရဲ ကူးတို့စီးပြီး ငရဲ မလိုက်ကြပါနဲ့။ တာဝတိံသာ သွားခွင့်မရှိရင် ဘယ်မှ မသွားဘူး။ စစ်ငရဲကို သွားမယ့် ငရဲကူးတို့ကို မစီးကြပါနဲ့”

နားဆင်ရန်

ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူး

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး တနင်္လာ, 13 စက်တင်ဘာ 2010

ရွေးကောက်ပွဲဆိုတာ မဲဆန္ဒရှင်တွေက ကိုယ့်ကိုယ်စား တိုင်းပြည်အတွက် ဘယ်သူတွေကိုလုပ်ဖို့ တာဝန် ပေးချင်သလဲဆိုတာကို ဆန္ဒပြုပြီးတော့မှ မဲပေးတာဖြစ်ပါတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်ကို စီမံခန့်ခွဲဖို့ ဘယ်သူ့ကိုတာဝန် ပေးသင့်သလဲ၊ ကျွန်တော်က မဲဆန္ဒရှင်တယောက်နေနဲ့ စဉ်းစားကြည့်ပါတယ်။ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီကို ကျွန်တော် မကြိုက်ပါဘူး၊ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ လောက်ဝင်ပြိုင်မဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို လည်း ကျနော်မရွေးချင်ဘူး ၊  ကျန်တဲ့ ပါတီတွေကြည့်လိုက်တော့လည်း ကျနော် လက်ခံနိုင်တဲ့ ကိုယ်စား လှယ်လောင်း မတွေ့ရပါဘူး။

နောက်တခါ ပြိုင်ပွဲကလည်း ကိုယ်စားလှယ်လောင်း အရေအတွက်တွေ ကြည့်လိုက်တဲ့အခါမှာ တကယ့် ကို ဆင်နဲ့ဆိတ်နဲ့လောက်ကွာနေတာ၊ ဆင်နဲ့ဆိတ်တောင် မဟုတ်ဘူး။ ဆင်နဲ့ပုရွက်ဆိတ်လောက်ကို ကွာ နေပါတယ်။ ၁၀၀၀ ကျော် ပြိုင်တဲ့သူနဲ့ တချို့ပါတီဆို ကိုးယောက်တို့ ခုနှစ်ယောက်တို့ ခြောက်ယောက်တို့ အဲလို ပြိုင်တာမျိုးတွေနဲ့ဆိုတော့ မတရားကိုကွာလွန်းနေပါတယ်၊ အဲဒီတော့ ဒီပွဲက မမျှတတဲ့ပွဲဖြစ်နေ တော့ ကျွန်တော်ကတော့ အားမပေးချင်ဘူး။ နောက်တခါ ကျွန်တော့်ကိုယ်စား လွှဲအပ်ပေးနိုင်လောက်တဲ့ ကိုယ်စားလှယ်  မရှိတဲ့အတွက်ကြောင့် ကျွန်တော်ကြိုက်တဲ့ ကိုယ်စားလှယ် မပါတဲ့အတွက်ကြောင့်မို့ ကျွန်တော်ကတော့ ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ကျွန်တော်တို့မှာ မဲမပေးချင်ရင် မပေးပဲနေနိုင်ခွင့် ရှိပါတယ်၊  ဒါကို လူတိုင်းလည်း သိဖို့လိုပါတယ် ၊ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေးပါပဲ။ ပေးချင်ရင်လည်း ကျွန်တော်တို့ ပေးသင့်တဲ့ ကိုယ်စားလှယ်လောင်း ရှိရင် မဲပေးရမယ် ဒါ ကျွန်တော်တို့ အခွင့်အရေး၊ မရှိဘူး မပေးချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ဟာ မပေးပဲနေနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အိမ်ထောင်မှုဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဆိုတာထက် ဒီ တိုင်းပြည်ကို လွှဲအပ်ပေးရမဲ့ကိစ္စက ပိုပြီးတော့အရေးကြီးပါတယ်၊ ခုနက အိမ်ထောင်မှု ဘုရားတည်တာ က တဦးတယောက်ချင်းရဲ့ ကိစ္စဖြစ်ပါတယ်။ ပြင်ရခက်တယ်ဆိုပေမယ့်။ အစိုးရအဖွဲ့တဖွဲ့ ရွေးပေးဖို့ မဲပေးတာက တနိုင်ငံလုံး ကိစ္စဖြစ်တော့ လွဲသွားတယ်၊ မှားသွားတယ်၊ အဲဒီထဲမှာ ကိုယ်ဟာ တလွဲတမှား ကိုဝင်ပြီး လုပ်မိတယ်ဆိုရင် ပိုပြီးပြင်ရခက်မယ့်ကိစ္စကြီး ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ကျွန်တော့်အမြင်ကတော့ အားနာလို့ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် တော့ မဲမပေးသင့်ဘူး ထင်ပါတယ်၊ ကိုယ်တကယ် နှစ်သက်သဘောကျတဲ့ ကိုယ်စားလှယ်လောင်း ကိုယ့်အကျိုး ကိုယ့်နိုင်ငံ အကျိုးကို တကယ်ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ်လောင်း ရှိမှသာ ကျွန်တော်တို့ ဆန္ဒမဲကို မဲပေးသင့်တယ်ထင်ပါတယ်။ ကိုယ့်ရဲ့ဆန္ဒ ကိုယ့်ရဲ့မဲတပြားကိုတော့ တန်ဖိုးထား သင့်တယ် ထင်ပါတယ်၊ အလွယ်တကူ ဆုံးဖြတ်ပြီးတော့ မဲမပေးသင့်ဘူးလို့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မြင်ပါတယ်။

နားဆင်ရန်

လပိုင်းအလို မြန်မာပြည်အရေး

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး တနင်္လာ, 13 စက်တင်ဘာ 2010

မြန်မာနိုင်ငံသားများအတွက် နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပရန် လပိုင်းသာလိုပေတော့သည်။

ရွေးကောက်ပွဲကျင်းပပေးမည့်ရက် အတိအကျသိရပြီဆိုကာ ကျေနပ်စွာ ကြိုဆိုကြသူများရှိသလို၊ စည်းရုံး ရေးကာလနည်းသဖြင့် မကျေမနပ် ပြောဆိုကြသံများလည်း ညံစီနေသည်။ တရားတယ် မတရားဘူး ပြောမနေဘဲ ရွေးကောက်ပွဲလုပ်ပေးသည့် စေတနာကိုပင် ကြိုဆိုရမည်ဟု နိုင်ငံရေး ဂုရုဆိုသူကြီးများက လည်း ပြောကြပြန်သည်။

၂၀၁၀ ရွေးကောက်ပွဲ စင်မြင့်ကန့်လန့်ကာတော့ ဖွင့်လိုက်ပေပြီ။ မနေ့တနေ့ကမှ စဖွဲ့စည်းကြရသည့် အချို့ပါတီများ ဤရွေးကောက်ပွဲ စင်မြင့်ထက်တွင် မည်သည့်ကကြိုးကကွက်ဖြင့် အသုံးတော်ခံ ကပြကြ မည်နည်း။ ပြည်သူပရိသတ်ရှေ့ထွက်  ကပြအသုံးတော်ခံကြမည့် နိုင်ငံရေးပါတီများအားလုံးကတော့ (ကြံ့ဖွံ့ပါတီမပါ) ကကြိုးကကွက်တို့ အိုးနင်းခွက်နင်း ကသုတ်ကယက်ဖြင့် ထွက်လာကြရမည်ကို မြင်နေ ရပေသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ကန့်သတ်ရက် တိုတောင်းမှုနှင့် စည်းရုံးရေးကာလ အချိန်နည်းမှုတို့က နအဖ၏ သကာလောင်း စကားကို ယုံစားကာ ရွေးကောက်ပွဲ ဝင်မိ လေသူတို့ မျောက်မီးခဲကိုင်မိသည့်အဖြစ်လို ကြုံနေကြရ၏။

မဲဆန္ဒရှင်များအနေဖြင့်လည်း ကိုယ့်နိုင်ငံနှင့် ပြည်သူ့အရေး ဆောင်ရွက်ပေးနိုင်မည့်သူဟု အဘယ် နိုင်ငံရေးသမားကို ယုံမှတ်ပုံအပ်ကာ ရွေးချယ်ကြရမည်လဲ။ သေချာဂနစွာ ဆုံးဖြတ်နိုင်ဖို့အချိန် ကာလ အားဖြင့် နည်းလှပေသည်။ လွှတ်တော်သုံးရပ်စလုံးအတွက် ရွေးကြရမည်ဖြစ်ရာ ပို၍ပင် အရွေးခက်ကာ အချိန်ရရှိမှုနည်းလှပေ၏။ ဤသို့ အခက်အခဲ အကြပ်အတည်းများကြားက ပင်စစ်ဘက်အစိုးရမှ အရပ် ဘက်အစိုးရပေါ်လာမည်မို့ ကြိုဆိုကြရမည်ဆိုသူက ဆိုသည်။ အပြောင်းအလဲအတွက် အလင်းရောင် တွေ့လာပြီ၊ နေရာတခုရလာပြန်ပြီ၊ ရလာသည့်နေရာ ၀င်ယူရမည်ဆိုသူက ဆိုပြန်၏။

နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များ ကြိုက်ကြိုက် မကြိုက်ကြိုက် ကြိုဆိုဆို မကြိုဆိုဆို တဇောက်ကန်း စိတ်ဓါတ်နှင့် နအဖကတော့ သူဖြစ်ချင်တာ စွတ်လုပ်တတ်သော သာဓကများနည်းတူ ရွေးကောက်ပွဲကြီး ပြီးမြောက်အောင် လုပ်ပေလိမ့်မည်။ ထိုသို့လုပ်မှလည်း နိုင်ငံတကာကို ပြောထားသော (လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲပုံစံ ဖြစ်ချင်မှဖြစ်မည် မှန်သော်လည်း) ရွေးကောက်ပွဲ ကျင်းပပေးပါမည် ဆိုသည့် စကားကိုတော့ အကောင်အထည်ဖော်လိုက်ရာ ရောက်ပေမည်။

မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲဝင်ကြမည့် ပါတီများအကြောင်း၊ မဲဆန္ဒရှင်တို့၏ အခွင့်အ ရေး၊ လုပ်ပိုင်ခွင့် ရွေးချယ်ခွင့်များအကြောင်း အသိပညာပေးရမည့်၊ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာ များအနေဖြင့်လည်း အကြပ်အတည်းများနှင့် ကြုံကြရ၏။ ပြည်သူကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးနိုင်ဖို့ အချိန်က ဘာမျှမကျန်တော့၍ဖြစ်သည်။

နိုင်ငံတကာ စံနှုန်းများဖြင့်ချိန်ပါကလည်း ယခုရွေးကောက်ပွဲ ကျင်းပရန် ကြေညာသည့်ရက်သည် မဲဆန္ဒ ရှင်ပြည်သူ၊ ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ရလဒ်မှန် ရရှိမှု  မည်သို့ရှိလာမည်လဲ ခန့်မှန်းရခက်လှပေသည်။

ဤသို့ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းပေါင်းစုံကြားက ကြုံကြရမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများအနေဖြင့် ဆက်တိုးဝင်သင့်မဝင်သင့်၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့်လည်း တပါတီ တည်းသာ ပြန်လည်ကြီးစိုးမည့် အခြေအနေတွင် မဲပေးသင့်မပေးသင့် အလေးအနက်စဉ်းစားကြရန်နှင့် အတုအယောင် ရွေးကောက်ပွဲကို မိမိတတ်နိုင်သည့်နည်းဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်း လိုက်ရပေသည်။

နားဆင်ရန်

အတွင်းအနှစ်သာရ ပြောင်းလဲမသွား

By ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး ဗုဒ္ဓဟူး, 15 စက်တင်ဘာ 2010

နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အာဏာရှင်တွေရဲ့ တဘက်သက် အာဏာနဲ့ အုပ်ချုပ်တာခံခဲ့ရတဲ့ ကျွန်တော် တို့တိုင်းပြည်မှာ ရွေးကောက်ပွဲတွေကျင်းပဖို့ တာစူနေကြပါပြီ။

ရွေးကောက်ပွဲရက် နီးကပ်လာတာနဲ့အမျှ ရှုတောင့်ပေါင်းစုံက အမြင်အမျိုးမျိုးဟာလည်း အကျယ်လောင် ဆုံး ပေါ်ထွက်လာနေကြပါတယ်။ တချို့က ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ မဲမပေးရေး၊ တချို့က ဒီမိုကရေစီအင်အားစုတွေကို မဲသွားပေးရေး။ မဟုတ်ရင် ကြံ့ခိုင်ရေးပါတီကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမယ်၊ တချို့ကတော့ အစကတည်းက ကြောက်လို့ပဲဖြစ်ဖြစ်၊ မတတ်သာလို့ပဲဖြစ်ဖြစ်၊ ပြသာနာ မဖြစ်ရင်ပြီးရော စစ်အစိုးရလိုချင်နေတဲ့အတိုင်း ကြံ့ခိုင်ရေးကိုပဲ မဲပေးလိုက်မယ် ဒီအရေအတွက်ဟာ လည်း ထည့်စဉ်းစားရလောက်အောင် ကြီးမားနေနိုင်ပါတယ်။ တချို့ကတော့ ကြံ့ခိုင်ရေးပဲ မဲပေးမယ့်သူ တွေ၊ အဲဒါကို အမြင်အမျိုးမျိုး၊ အုပ်စုအမျိုးမျိုး၊ အသံအမျိုးမျိုးပေါ်ထွက်လာနေကြပါတယ်။

တကယ်တော့ ၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲဆိုတာ စစ်အာဏာရှင်တွေက မန်းမှုတ်လိုက်လို့ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ပြည်သူတွေ တခဲနက် ရွေးချယ်ပေးလိုက်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ပြီး စစ်တပ်အုပ်စိုးမှုကို တရားဝင်ကြောင်းပြဖို့ နှစ်ပေါင်း ၂၀ လုံးလုံး စစ်အာဏာရှင်တွေ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းမှုရဲ့ အဆင့်တဆင့်အနေနဲ့ ဖြစ်ပေါ်လာတာပါ။

စစ်မှန်တဲ့ဒီမိုကရေစီတန်ဖိုးတွေနဲ့ စစ်အာဏာရှင်စနစ်ဆိုတာ ဘယ်လိုမှ ရောစပ်လို့မရပါဘူး။ ပြည်သူ့ ဆန္ဒသဘောထားကို အဓိကထားတဲ့ အချုပ်အချာအာဏာဟာ ပြည်သူ့လက်ထဲမှာရှိတဲ့ ဒီမိုကရေစီ အနှစ်သာရနဲ့ မိမိအလိုအတိုင်း ထင်ရာစိုင်းအုပ်ချုပ်တဲ့ အချုပ်အခြာအာဏာကို တဦး၊ တစုလက်ထဲမှာပဲ ထားရှိတဲ့ အာဏာရှင်စနစ်တို့ဟာ ပြဒါးတလမ်း သံတလမ်းပါ။

ဒါပေမဲ့ ဒီနေ့ ကမ္ဘာအခြေအနေအရပ်ရပ်ကြောင့်ကော ပြည်တွင်းအခြေအနေအရပ်ရပ်တို့ကြောင့်ပါ ဒီက နေ့ ခေတ်စားနေတဲ့ ဒီမိုကရေစီစကားလုံးကို စစ်အာဏာရှင်တွေဟာ အသုံးပြုခဲ့ရပြီး ဟန်ပြဒီမိုကရေစီ စကားတွေထပ်တလဲလဲ ပြောခဲ့ရပါတယ်။ အမှန်ကတော့ ကိုယ့်နှုတ်ထွက် အမိန့်အတိုင်း စောဒက တက်ခွင့်မရှိဘဲ တသွေမတိမ်း လိုက်နာစေလိုတာမျိုးပါ။ ဒါပေမယ့်အခုတော့ ကိုယ်လုပ်ချင်တာလုပ်ဖို့ ဖွဲ့စည်းပုံရွေးကောက်ပွဲ၊ လူထုဆ္ဒနမဲ၊ လွှတ်တော်စတာတွေနဲ့ သိုင်းဝိုင်းတည်ဆောက်ရယူနေရပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ဆောင်ချင်တဲ့ ပင်ကိုယ်သဘောထားတွေအပေါ် ပြင်ပကလွှမ်းမိုးသက် ရောက်မှုတွေကြောင့် ပါပဲ၊

ဒါကြောင့် စစ်အာဏာရှင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူတွေနဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြု လက်ခံမှု တနည်းပြောရရင် နိုင်ငံရေးအရ တရားဝင်မှုကို ရယူဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံနဲ့ အားလုံးပါဝင်ခွင့်မရအောင် အခြေခံရပိုင် ခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲဥပဒေ စတာတွေနဲ့ မိမိစစ်တပ်အင်အားစုပဲ လွတ် လွတ်ကျွတ်ကျွတ် ယှဉ်ပြိုင်အနိုင်ရရှိအောင် စီမံထားတာပါ။

ဒါကြောင့် ချုပ်ပြောရရင် အခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ် အောင်လုပ်တဲ့ပွဲလို့ယူဆရတယ် လက်ရှိအခင်းအကျင်းတွေအရလည်း စစ်မှန်တရားမျှတတဲ့ ရွေးကောက် ပွဲလို့ မှတ်ယူစရာမရှိပါဘူး။ ရွေးကောက်ပွဲ အောင်မြင်ပြီးမြောက်သွား တဲ့တိုင်အောင် နိုင်ငံတော်အချုပ်အ ခြာအာဏာနဲ့ အရင်းအမြစ်တွေ စီမံသုံးစွဲတာ၊ ခွဲဝေတာ ဆုံးဖြတ်တာတွေဟာ စစ်အာဏာရှင်တွေနရဲ့ လက်ထဲမှာပဲ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေမှာပါ။

ဒါကြောင့် အတွင်းအနှစ်သာရဟာ ပြောင်းလဲမသွားပါဘူး။ ပြည်သူတွေဘက်က ဆုံးရှုံးသွားမှာက ကြောက်လို့ပဲဖြစ်ဖြစ်၊ မတတ်သာတဲ့ အခြေအနေကြောင့်ပဲဖြစ်ဖြစ် စစ်အာဏာရှင်တွေကို ဆက် အုပ်ချုပ် ပါ၊ ထောက်ခံပါတယ်ဆိုပြီး အသိအမှတ်ပြု မဲပေးလိုက်ရင် နှစ်ပေါင်း ၂၀ လုံးလုံး မရရှိခဲ့တဲ့ စစ်အာဏာရှင် တွေ လိုချင်နေတဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ကိုယ်တိုင်ပေးလိုက်ရတာပဲဖြစ်မှာပါ။

နားဆင်ရန်

Shared by Dr Mg Mg Hla Kyaing

Download PDF – views of editors-part1

နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ အောင်ပွဲရ

နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ အောင်ပွဲရ

မောင်မောင်လှကြိုင်

ဟွန်ဒျူးရပ်စ်နိုင်ငံမှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ (၂၀၀၉ ခုနိုဝင်ဘာ ၂၉) ရွေးကောက်ပွဲကို မဲမပေးပဲ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ပါတယ်။ “ပြည်သူတို့က မတရားတဲ့အမိန့် မနာခံခြင်း စီမံကိန်း” အရ ဟွန်ဒျူးရပ်စ် ပြည်သူများစွာက ရော်ဘတ်တို မစ်ချဲလက်တီရဲ့ အာဏာသိမ်း အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ မဲမပေးပဲ နေခဲ့ကြပါတယ်။

၂၀၀၉ ခု ဇွန်လ ၂၈ ရက်နေ့ အာဏာသိမ်းခဲ့ချိန်မှစကာ “ငြိမ်းချမ်းတဲ့တော်လှန်ရေး အမျိုးသားတပ်ဦး” ကို ဟွန်ဒျူးရပ်စ် အတိုက်အခံများက ဖွဲ့စည်းခဲ့ပါတယ်။ ထိုတပ်ဦးက မတရားအမိန့်များ မနာခံမှု နည်းမျိုးစုံဖြင့် ရွေးကောက်ပွဲကို သိပိတ်မှောက်ခဲ့ကြပါတယ်။ ထိုရွေးကောက်ပွဲကို အမေရိကတိုက် နိုင်ငံများစွာက အသိအမှတ် မပြုကြပါဘူး။ ထိုရွေးကောက်ပွဲဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ရန် အများတောင်းဆိုထားကြတဲ့ မဲဆန္ဒများကို လျစ်လျူရှုထားလျက် အာဏာသိမ်း အုပ်ချုပ်သူများရဲ့ အရာရှိများသာ ပါဝင်စေခဲ့တာပါ။

ရွေးကောက်ပွဲ ကျင်းပစဉ်မှာ လွတ်လပ်တဲ့ တသီးပုဂ္ဂလလေ့လာသူများက အင်တာနက်များမှတဆင့် သတင်းများ မျှဝေပေးခဲ့ပါတယ်။

သမ္မတ မဲန်နျူရယ် ဖယ်လာယာ က “ယနေ့ရွေးကောက်ပွဲတွင် အချို့နေရာများမှာ မဲလာမပေးသူ ၈၀% အထိ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ မအောင်မြင်ကြောင်း” ကြေညာခဲ့ပါတယ်။ (မဲလာမပေးသူ ပျမ်းမျှ ၆၀% ရှိခဲ့ပါတယ်။) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ အမေရိကန် အခြေစိုက် လှုပ်ရှားသူ များက ဟွန်ဒျူးရပ်စ်နိုင်ငံ ရွေးကောက်ပွဲဟာ မျှတတဲ့အခြေအနေများ မရှိကြောင်း သတိပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ရွေးကောက်ပွဲမှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း ကျွန်မ ပြောနိုင်ပါတယ်လို့ ဟွန်ဒျူးရပ်စ်မှ လေ့လာပြီြး ပန်လာတဲ့ လက်တင်အမေရိက ဆောင်ရွက်ရေးအဖွဲ့မှ လစ္စာ ဟောင်းဂတ် က ဆိုပါတယ်။

ဟွန်ဒျူးရပ်စ်မှာ အာဏာသိမ်းအုပ်ချုပ်မှုကို တော်လှန်ကြတဲ့ လူငယ်များ၊ အမျိုးသမီးများ၊ အနုပညာ ရှင်များ၊ ရှေ့နေများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကဲန်ပိန်းလှုပ်ရှားသူများစတဲ့ အလွှာစုံမှပြည်သူများက ကောင်းမွန်တဲ့ အကြောင်းပြချက်များနဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ကြပါတယ်။

ဟွန်ဒျူးရပ်စ် တော်လှန်ရေးခေါင်းဆောင်များ ဖြစ်ကြတဲ့ ဘာသာ အိုလစ်ဗား နဲ့ အရာမီတာ ပယ်ရဲယီးရားတို့က ရွေးကောက်ပွဲမတိုင်မီမှာ အမေရိကကိုလာရောက်ပြီး အမေရိကန်ကွန်ဂရက် အဖွဲ့ဝင်များအား ဟွန်ဒျူးရပ်စ်မှ အခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။ ဟွန်ဒျူးရပ်စ်မှ အာဏာသိမ်း အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖန်တီးတဲ့ လူသားများဆိုင်ရာ ပဋိပက္ခများ၊ အကြမ်းဖက် ဖိနှိပ် နှိမ်နင်းမှုများ၊ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုများ၊ အဓမ္မ ဖျောက်ဖျက်မှုများ၊ အတိုက်အခံ ခေါင်းဆောင် များနဲ့ အဖွဲ့ဝင်များ နေ့စဉ်ကြုံတွေ့နေရတဲ့ ညှင်းပန်းနှိပ်စက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ဟွန်ဒျူးရပ်စ် အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ဆက်ဆံမှုများနဲ့ အမျိုးသမီး ၃၅၀ ကျော်ကို မုဒိန်းကျင့် သတ်ဖြတ်မှု အစီရင်ခံစာများကို တင်ပြခဲ့ကြပါတယ်။

အာဏာ ဆက်လက်ရယူသွားဘို့အတွက် မစ်ချဲလက်တီအစိုးရရဲ့ အလွဲသုံးပြုမူမှုများ၊ မတရား သတ်ဖြတ်ခြင်းများ၊ မုဒိန်းကျင့်မှုများ၊ အကျင့်ပျက် လာဘ်ယူ ခြစားခြင်းများ၊ တရားဥပဒေမဲ့ပြုမူမှုများရဲ့ ဖြစ်ရပ်များကိုလဲ တင်ပြခဲ့ကြပါတယ်။

“ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ ပြည်သူတို့ရဲ့ ဆန့်ကျင်မှု အမှတ်အသားဖြစ်တယ်”လို့ သူတို့က ကြေညာခဲ့ကြပါတယ်။

“မဲမပေးကြပါနဲ့။ အကြမ်းဖက်နေတဲ့ အခြေအနေအောက်က ဟွန်ဒျူးရပ်စ်ရဲ့ ရွေးကောက်ပွဲ အလိုမရှိ လို့ပြောကြ” ဆိုတဲ့ ဆောင်ပုဒ်ကိုင်ဆွဲလျက် လူထုတော်လှန်ရေးကို အပြည်ပြည်ဆိုင်ရာ ထောက်ခံမှု ပိုမိုပေးကြရန် လှုပ်ရှားသူများက တောင်းဆိုကြပါတယ်။

အာဏာသိမ်းခေါင်းဆောင် မစ်ချဲလက်တီရဲ့အုပ်ချုပ်မှု ၅ လ ခန့် (၂၀၀၉ ဇွန်လမှ နိုဝင်ဘာလ) အတွင်းမှာ ပြည်သူလူထုအပေါ် အကြမ်းဖက်မှု များစွာရှိခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားများ၊ ကျောင်းသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးများအပေါ် အကြမ်းဖက်မှုများ ပါဝင်ပါတယ်။ အကြမ်းဖက်မှုတွေမှာ လူ ၂၇ ယောက်သာ သေဆုံးခဲ့တယ်လို့ အုပ်ချုပ်သူဘက်က ဆိုပါတယ်။ ဒါပေမယ့် လူရာပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်လို့ အတိုက်အခံများကတော့ ဆိုကြပါတယ်။ အတိုက်အခံတို့ရဲ့ မီဒီယာနဲ့စာနယ်ဇင်းများ အပိတ်ခံရ၊ ဆင်ဆာအထိခံရ၊ ခြိမ်းခြောက် ခံရမှုများ ရှိခဲ့ပါတယ်။ ထိုအချိန်က ထွက်ပေါ်လာတဲ့သတင်းများကတော့ အာဏာသိမ်းအုပ်စုကို ထောက်ခံတဲ့သူများရဲ့ ဖန်တီးသတင်းများသာ ဖြစ်ကြပါတယ်။

(Jelena ရေးသားတဲ့ Failed Elections in Honduras: Peaceful Resistance Boycotted Coup efforts while Repression causes one Dead and Dozens Tortured and Detained သတင်းဆောင်းပါးကို မှီးငြမ်းပါတယ်)

မောင်မောင်လှကြိုင်

၂၀၁၀ စက်တင်ဘာ ၁၆

Download PDF – here

ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ ထုတ်ပြန်ကြေညာချက်

.

Download – Here

..

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ဓါတ်ပုံနှင့် ဗီဒီယို

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ဓါတ်ပုံနှင့် ဗီဒီယို

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ဓါတ်ပုံနှင့် ဗီဒီယို

From PNS

From Lanpya Kye

From NLD-LA-JB

From Soe Aung (Picasa)

လက်လှမ်းမီသမျှ စုဆောင်းရရှိသည်များကို ဖော်ပြလိုက်ပါသည်။ မှတ်တမ်းတင် ရိုက်ကူးသူများ၊ အဖွဲ့အစည်းများကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီမှ အထူးကျေးဇူးတင်ရှိပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ထုတ်ပြန်ကြေညာချက်

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီမှ ထုတ်ပြန်ကြေညာချက်

၁၈-၉-၂ဝ၁ဝ

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းပေါင်းစုံမှ တာဝန်ရှိ ကိုယ်စားလှယ် များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် CRPP တို့၏ သဘောထားရပ်တည်ချက်နှင့် မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကို ထင်ဟပ်စေသော ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို အကောင်အထည်ဖော်ရန်အတွက် ၂၂- ၈ – ၂ဝ၁ဝ နေ့တွင် ပထမဦးဆုံးအကြိမ် ဆွေးနွေး တိုင်ပင်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီတရပ်ကို ဖွဲ့စည်းတည်ထောင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လက်ရှိ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးတိုင်ပင်ရေးနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ နိုင်ငံတကာ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှု တရပ်ကို ၁၈-၉ -၂ဝ၁ဝ နေ့တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံများ၏ အခြေခံအုတ်မြစ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှ တဆင့် တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်တရပ် ဖြစ်သည်ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီက ယုံကြည်သည်။

သို့သော် ၂ဝ၁ဝ ရွေးကောက်ပွဲသည်

1.        မြန်မာနိုင်ငံသားတို့နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အစဉ်တစိုက် တောင်းဆို ထားသည့် လွတ်လပ်၍ သမာသမတ် ရှိခဲ့သော ၁၉၉ဝ ရွေးကောက်ပွဲ၏ ရလဒ်အား အကောင်အထည် ဖော်ရေးကို လစ်လျူရှုလျက် အဆိုပါရလဒ်ကို ပျက်ပြယ်စေရန် ရည်ရွယ်ကာ ပြည်သူလူထုနှင့် အတိုက်အခံ နိုင်ငံရေးသမားတို့အား ပြင်းထန်စွာ ဖိနှိပ်လျက် တဘက်သပ် လုပ်ဆောင်သော ရွေးကောက်ပွဲ ဖြစ်နေခြင်း၊

2.        အနာဂတ် မြန်မာ့နိုင်ငံရေးအား စစ်တပ်မှ လက်ဝါးကြီးအုပ်နိုင်ရန် အာမခံချက် ပေးထားသည့် လက်ရှိ စစ်အာဏာရှင်များက တဘက်သပ် ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေပြုမည့် လွှတ်တော်အဆင့်ဆင့် ပေါ်ပေါက်ရေးအတွက် ဖြစ်နေခြင်း၊

3.        အဆိုပါ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီခြင်း၊

4.        ၂ဝ၁ဝ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ရည်ရွယ်၍ အရပ်သား အသွင်သဏ္ဍာန် ရုပ်သေးအစိုးရတရပ် ပေါ်ထွန်းရေးကိုသာ ဦးတည်နေခြင်း၊

5.        စစ်အာဏာရှင်တို့ကိုယ်တိုင်က ရွေးကောက်ပွဲ ကော်မရှင်ကို စိတ်ကြိုက် ဖွဲ့စည်းခြင်းသည်၎င်း၊ အဆိုပါ ကော်မရှင်မှ ထုတ်ပြန်သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အပါအဝင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများသည်၎င်း၊ တရားမမျှတသည့်အပြင် နိုင်ငံတကာ ရွေးကောက်ပွဲ ဆိုင်ရာ စံနှုန်းများဖြင့်လည်း မကိုက်ညီပဲ ဖြစ်နေခြင်း၊

6.        ရွေးကောက်ပွဲတွင် ပါဝင်သင့် ပါဝင်ထိုက်သူ ပုဂ္ဂိုလ်များ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် ရည်ရွယ်၍ ကန့်သတ် တားဆီး ပိတ်ဆို့မှုများ ပြုလုပ်ထားခြင်း၊

7.        ရွေးကောက်ပွဲဥပဒေများအပြင် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုအား ကန့်သတ် ချုပ်ချယ်သည့် ဥပဒေများအား စစ်အာဏာပိုင်တို့မှ ထုတ်ပြန်ထားသည့်တိုင်အောင် စစ်တပ်မှ ကျောထောက်နောက်ခံပြု ကြံ့ဖွတ်ပါတီ (USDP) အနိုင်ရရေးအတွက် ၎င်းတို့ကိုယ်တိုင်ကပင် ဥပဒေ များအား ဖောက်ဖျက်ကျူးလွန်၍ တရားဥပဒေမဲ့ (ဝါ) မင်းမဲ့စရိုက်များကို ပြောင်ပြောင်တင်းတင်း ပြုမူနေခြင်း၊

တို့သည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတရပ် မဖြစ်နိုင်ကြောင်း ထင်ရှားနေသည့်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီက ၂ဝ၁ဝ ရွေးကောက်ပွဲအား လုံးဝ(လုံးဝ) ဆန့်ကျင်ပါသည်။ သပိတ်မှောက်ပါသည်။ ကန့်ကွက်ပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီသည် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဆိုပြုထားသော ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက်များအပေါ် အခြေတည်၍ တွေ့ဆုံဆွေးနွေးရေးတရပ် ပြုလုပ်ပေးပါရန် စစ်အာဏာပိုင်များထံ တောင်းဆို ဆန္ဒပြုအပ်ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံတကာမိသားစုများမှလည်း ဝိုင်းဝန်းအကူအညီပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

၁၈-၉-၂ဝ၁ဝ

Download – here

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ဗီဒီယို

၂ဝ၁ဝ ရွေးကောက်ပွဲ ကမ္ဘာအနှံ့ ကန့်ကွက် ဆန္ဒပြ ချီတက်ပွဲ (ဂျပန်) – ဗီဒီယို

Source – maungwto

၅-၉-၂ဝ၁ဝ အစည်းအဝေး မှတ်တမ်း

အစည်းအဝေး တက်ရောက်သူများ

တရုတ်ဝန်ကြီးချုပ်ထံ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ စာပို့

မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ ပေးပို့လိုက်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာကို ဖော်ပြပါသည်။ ဤစာကို ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၈ ရက် (ဒုတိယမြောက်နေ့)တွင် အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ တိုကျိုရှိ တရုတ်သံရုံးရှေ့၌ ဆန့်ကျင်ဆန္ဒပြသည့် မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ ပေးအပ်လိုက်ခြင်း ဖြစ်သည်။

……………………………..

To

Mr. Wen Jiabao

Premier

The Government of the People’s Republic of China

c/o

Ambassador

Chinese Embassy in Tokyo

Japan

Dear Mr. Premier,

Please let us introduce you to ourselves that we are 2010 Election Boycott Committee (Japan) composed of pro-democracy activists from the Burmese community in Japan.

The simple reason of this letter is to urge you to promote our bilateral friendship as good neighbors and development in the sectors such as economy, geopolitics, etc. by means of diplomatic efforts when you meet Gen. Than Shwe, the leader of the Burmese junta, during his official visit to your country.

As you may know that Burma is going to hold the multi-party elections on November 7 this year, there is no doubt that you may expect a good result from it. Unfortunately, however, the current regime cannot practice the right rule of law well even just 2 months before the elections, in addition to its unfair electoral laws, both of which will not be able to yield a free and fair election to build a real democracy. The imminent result will be nothing but a more complex political situation in Burma that may badly affect neighboring countries and international community.

We appreciate you very much that China has to pursue political reform to safeguard its economic health when you said during your visit to the booming town of Shenzhen.

Therefore, we would like to request you to stop China’s diplomatic and military support to Gen. Than Shwe and join the international community to help Burma build a real democracy.

Very respectfully,

2010 Election Boycott Committee (Japan)

Signed by

1.        National League for Democracy (Liberated Area – Japan Branch)

2.        League of Democracy for Burma

3.        Burma Democratic Action

4.        Democratic Federation of Burma

5.        All Burma Federation of Student Unions (Foreign Affairs Committee)

6.        Democratic Party for a New Society

7.        Burma’s Refugees Serving Association (Japan)

8.        Save Burma

9.        Peaceful Burma

10.    Federation of Workers’ Union of the Burmese Citizen (in Japan)

11.    Self-funding Committee International

12.    A-lin-aen Magazine

13.    National Democratic Front (Burma)

14.    Palaun National Society (PNS)

15.    Arakan League for Democracy (Exile-Japan)

16.    Chin National Community-Japan

17.    Hotel and Restaurant Workers’ Union of Burma

18.    Seasfarers’ Union of Burma (SUB)

19.    A-har-ra Jounal

20.    Human Resource Development Program

21.    Burma Campaign Japan

22.    Karen National Union – Japan

23.    Kachin National Organization, Japan

24.    Karen National Community

……………