မိုးထဲလေထဲ အတားအဆီးများကြားထဲက ဂျပန်ရှိ မြန်မာတို့၏ ဒုတိယနေ့ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ
September 8, 2010 Leave a comment
မိုးထဲလေထဲ အတားအဆီးများကြားထဲက ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့၏ ဒုတိယနေ့ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၈)ရက်။
နအဖ စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံခရီးစဉ်အား ကန့်ကွက်သည့် ယနေ့ စက်တင်ဘာလ (၈)ရက် ဒုတိယနေ့ ဆန္ဒပြပွဲတွင် အလွန် မိုးသည်းထန်စွာ ရွာချနေသည့် ကြားထဲက ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးသို့ ညနေ ၃ နာရီမှစ၍ ၄ နာရီထိ ဆန္ဒပြခဲ့ကြသည်။
သံရုံးရှေ့ ဆန္ဒပြပွဲများတွင် ဂျပန်ရဲများက သံရုံး လုံခြုံရေးအတွက် တာဝန်ယူပေးရမြဲ ဖြစ်သည်။ မည်သူမဆို ဆန္ဒပြခွင့် ရှိပြီး ဆန္ဒပြမည့်နေရာကို ဂျပန်ရဲနှင့် ညှိနှိုင်း သတ်မှတ်ထားရသည်။
သို့သော် ယနေ့ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဆန္ဒပြရာတွင် ဂျပန်ရဲများ၏ လုံခြုံရေး တာဝန်ယူပုံမှာ ယခင်အခါများကဲ့သို့ မဟုတ်ပဲ ဖြစ်နေသည်။ ဆန္ဒပြရန် ရဲနှင့် ညှိနှိုင်း သတ်မှတ်ပြီး ဖြစ်သည့် တရုတ်သံရုံးကို မြင်နိုင်လောက်သောနေရာကိုပင် ယနေ့တာဝန်ကျ ဂျပန်ရဲများက ခွင့်မပြုသည့် အဖြစ်မျိုးကို ထူးဆန်းစွာ ကြုံတွေ့ရသည်။ ထို့ပြင် လုံခြုံရေးရဲ အင်အားကို အရေအတွက် တိုးချဲ့ချထားသည်သာမက တရုတ်သံရုံးသို့ မသွားနိုင်အောင် မီတာ(၃ဝဝ) အကွာအဝေးမှ ကြိုတင် ပိတ်ဆို့ထားသည်ကိုလည်း ကြုံခဲ့ရပြန်သည်။
မြန်မာ ဒီမိုကရေစီ အင်အားစုများဘက်မှ တာဝန်ရှိသူတို့က တရုတ်သံရုံးကို မြင်နိုင်လောက်သည့် ညှိနှိုင်းထားပြီး နေရာကိုသာ သွားရောက် ဆန္ဒပြလိုကြောင်း တောင်းဆိုခဲ့သော်လည်း ဂျပန် လုံခြုံရေး ရဲများက ခွင့်မပြုပဲ အင်အားသုံး ပိတ်ဆို့ထားခဲ့ကြသည်။
လုံခြုံရေး တာဝန်ကျ ရဲတို့က မည်သို့ပင် တားဆီးပိတ်ဆို့စေကာမူ မြန်မာဒီမိုကရေစီ အင်အားစုတို့က အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်အား ဆန့်ကျင် ဆန္ဒပြပွဲကို မိုးသည်းသည်းထဲ မှာပင် အားတက်သရော ဆင်နွှဲခဲ့ကြပြီး တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံသို့ တိုက်တွန်း တောင်းဆိုသည့် စာတစောင်ကို မရရအောင် ပေးပို့နိုင်ခဲ့ကြသည်။
ဒုတိယနှင့် နောက်ဆုံးနေ့ဖြစ်သည့် ယနေ့လှုပ်ရှားမှုတွင် ဂျပန်နိုင်ငံ၌ ခေတ္တသီတင်းသုံးနေသော ရွှေဝါရောင်တော်လှန်ရေးမှ သံဃာ့ခေါင်းဆောင်တဦးဖြစ်သည့် အရှင်ထာဝရလည်း အချိန်မီ ပါဝင် ဆင်နွှဲခဲ့သည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San Oo(BDA)
http://www.pnsjapan.org/2010/09/blog-post_08.html
……………..
မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ ပေးပို့လိုက်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာကို သီးခြားဖော်ပြပါမည်။
Video (You tube) – http://www.youtube.com/maungwto#p/u/0/5H1948Kt8EI
တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သော စစ်အစိုးရ အား ဆက်လက် အားပေး ကူညီခြင်း မပြုရန်၊ မြန်မာ့ဒီမိုကရေစီအရေးတွင် နိုင်ငံတကာနှင့်အတူ လက်တွဲ၍ စစ်အစိုးရအား ဖိအားပေးရန် တိုက်တွန်းတောင်းဆို ဆန္ဒပြပွဲ
From: maungwto | September 08, 2010
………………..