မဲပေးမည် သို့မဟုတ် မပေးမည် သို့မဟုတ် မည်သို့လုပ်ကြမည်နည်း

မဲပေးမည် သို့မဟုတ် မပေးမည် သို့မဟုတ် မည်သို့လုပ်ကြမည်နည်း

ကျော်ကျော်စိုး

စက်တင်ဘာ ၈ ၊ ၂၀၁၀

လက်ရှိ မြန်မာ စစ်အာဏာပိုင်များက နိုဝင်ဘာ ၇ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည်ကို ၂၀၀၈ ခုနှစ် မေလဆန်း နာဂစ် မုန်တိုင်းတိုက်ခတ်ပြီး ၁၀ ရက်မပြည့်မီတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ကြေညာခဲ့သည်။ ယခုအခါ စစ်အာဏာရှင်များသည် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဆင့်ဆင့် ပြင်ဆင်နေပြီ ဖြစ်သည်။

၎င်းတို့က မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မည်ဟု ဆိုသည်။ ထိုအတွက် ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်းတလှမ်းဖြစ်သည်ဟု ပြောဆို သည်။ ထိုမှတဆင့် လူထုက ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းကာ ခေတ်မီတိုးတက်သောနိုင်ငံ ထူထောင်မည်ဟု လူသိရှင်ကြားပြောဆိုသည်။

လွတ်လပ်သော ဒီမိုကရေစီတွင် ပြည်သူလူထု၏ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်မှုသည် ပဓာန ကျသည်။ နိုင်ငံရေးနှင့် ပတ်သက်၍ ပြည်သူလူထုသည် ပြောရေးဆိုပိုင်ခွင့် မရှိပါက အစိုးရတရပ်အား ဒီမိုကရက်တစ် အစိုးရဟု ပြောဆိုရန် ခက်ခဲလှပေသည်။ ဒီမိုကရေစီတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်နိုင်သည့် နည်းလမ်းပေါင်း များစွာရှိသည့်အနက် ရွေးကောက်ပွဲနှင့် မဲပေးခြင်းတို့သည် အခြေခံ အကျဆုံး နည်းလမ်း ဖြစ်သည်။

ရွေးကောက်ပွဲနှင့် မဲပေးခြင်းတို့သည် ပြည်သူလူထုက ၄င်းတို့၏ ကိုယ်စားလှယ်များ၊ အစိုးရအာဏာ ကိုင်တွယ် ကျင့်သုံးခွင့်ရသူများအား ထိန်းချုပ်ခွင့် ရရှိစေရန် ပေးစွမ်းသည်။ ရွေးကောက်ပွဲများသည် ပြည်သူလူထုက နိုင်ငံရေးတွင် သြဇာသက်ရောက် လွှမ်းမိုးနိုင်ရေးအတွက် တခုတည်းသော နည်းလမ်း မဟုတ်ပေ။

မူဝါဒ၊ အစီအစဉ်၊ လက်တွေ့ လုပ်ငန်း အကောင်အထည်ဖော်ရေးတို့အတွက် စည်းရုံး လှုံ့ဆော်နိုင် သည့် နည်းလမ်း၊ ပူးပေါင်းလုပ်ဆောင်သည့် သဘောဖြစ်သော စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ပို့စ်ကဒ်နှင့် စာများ ရေးသားပေးပို့ခြင်း၊ လူထုဆန္ဒ ထုတ်ဖော်ပြသခြင်း စသည့်နည်းလမ်းများဖြင့်လည်း နိုင်ငံရေးတွင် သြဇာလွှမ်းမိုးမှု ရှိစေရန် လုပ်ဆောင်နိုင်သည်။

ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည်နှင့် မဲဆန္ဒပေးမည့် ပြည်သူလူထု၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူများတွင် လွတ်လပ်မှုနှင့် ညီမျှမှု အပြည့်အ၀ ရှိရေးသည် အရေးကြီးသည့်အချက် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ဆိုသည်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ရည်ညွှန်းပြောဆိုမှုများ ရှိခြင်းဖြစ်သည်။

နအဖ စစ်အာဏာရှင်များက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားစေမည်လော။

လက်ရှိ ဖြစ်ပျက်နေသော မြန်မာနိုင်ငံတွင်း အခြေအနေများနှင့် နိုင်ငံရေးအခင်းအကျင်းများက အနာဂတ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းစေမည့် အလားအလာကို မျှော်မှန်း၍ ရသလော။

ရွေးကောက်ပွဲမှတဆင့် လက်တွေ့ အကောင်အထည်ဖော်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် အာမခံချက်ပေးနိုင်မည်လော စသည့်မေးခွန်းများကို ပြည်သူများ မည်သို့ ဖြေဆိုကြမည်နည်း။

အောက်ဖော်ပြပါ အကြောင်းအချက်၊ အခြေအနေများကို အာမခံချက်မရှိပဲနှင့် ဒီမိုကရေစီထူထောင်ရန် သို့မဟုတ် ဒီမိုကရေစီ ထွန်းကားမည်မဟုတ် ဆိုသည်ကို ရှင်းလင်းစွာ သိရှိ နားလည်ထားရန် လိုအပ်သည်။

၁။  လူတဦးချင်းစီအလိုက် လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထင်မြင်ချက် ပေးနိုင်ခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာ ထုတ်လွှင့်ခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်၊ လွတ်လပ်စွာ အရေးဆိုပိုင်ခွင့်၊ လွတ်လပ်စွာ အင်တာနက် သုံးစွဲခွင့် စသည်များ ရှိ-မရှိ၊

၂။  လူမျိုးစုများ လွတ်လပ်စွာ သွားလာအခြေချ နေထိုင်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ အခြားလူနည်းစုများ၏ ဘာသာရေးအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ယုံကြည်ကိုးကွယ်ခွင့်နှင့် မိရိုးဖလာ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက် ကျင့်သုံးပိုင်ခွင့်၊ နိုင်ငံရေးနှင့် လူမှုရေးဘ၀များတွင် တန်းတူညီမျှစွာ ပါဝင် လုပ်ကိုင်ခွင့် ရှိ-မရှိ၊

၃။  အရွယ်ရောက်သူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်၊ ပြည်သူ့ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိ-မရှိ၊

၎။  ရွေးကောက်ပွဲကာလအတွင်း ပွင့်လင်းစွာဖြင့် ပြောဆိုစည်းရုံး လှုပ်ရှားမဲဆွယ်ပိုင်ခွင့်၊ တန်းတူညီမျှ ယှဉ်ပြိုင်ခွင့် ရှိ မရှိ၊ ပါတီများ ထူထောင်ပိုင်ခွင့်၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ အခွင့်အလမ်း အခြေအနေ တန်းတူညီမျှစွာဖြင့် ပြည်သူ့ကိုယ်စားလှယ်နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိ-မရှိ၊

၅။  တရားဥပဒေစိုးမိုးမှု ရှိ-မရှိနှင့် တရားဥပဒေအောက်တွင် ပြည်သူအားလုံး ဥပဒေကြောင်းအရ တန်းတူညီမျှ ကာကွယ်စောင့်ရှောက်ခံရမှု ရှိ-မရှိ၊ ဥပဒေများအား ရှင်းလင်းစွာဖြင့် လူသိရှင်ကြား သိရှိစေရန် ထုတ်ပြန်ကြေညာထားခြင်း ရှိ-မရှိ၊ ဥပဒေများသည် ဘက်လိုက်ခြင်း၊ တဖက်စောင်းနင်း ဖြစ်ခြင်း၊ လူတဦး-တဖွဲ့-တပါတီ၏ အကျိုးအတွက် ရေးဆွဲထားခြင်း ရှိ-မရှိ၊

၆။  လူတဦးချင်းစီနှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြောင့်မတ် မှန်ကန်စွာဖြင့် သီးခြားလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိ-မရှိ၊

၇။  လူတဦးတယောက်အား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ တရားမဲ့ ထိန်းသိမ်းထားခြင်း၊ အသက်မွေးဝမ်းကျောင်းဘ၀ကို ၀င်ရောက်စွက်ဖက် နှောင့်ယှက်ဖျက်ဆီးခြင်း စသည်များကို အစိုးရနှင့် လက်အောက်ခံ အာဏာပိုင်များကသော်၎င်း၊ အစိုးရမဟုတ်သော အဖွဲ့များကသော်၎င်း ကျူးလွန်ခြင်း ရှိ-မရှိနှင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ရှိ-မရှိ၊

၈။  ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ပြန်လှန် စစ်ဆေးမှုများအား သီးခြားလွတ်လပ်သော ပုဂ္ဂိုလ်များ၊ အဖွဲ့များ၊ တရားရုံးများ၊ ခုံရုံးများ စသည်တို့က လုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ-မရှိ၊

၉။  ပြည်သူ့ရေးရာ အဖွဲ့အစည်းများ ခိုင်မာအားကောင်းစွာဖြင့် ဖြစ်ထွန်းတည်ရှိစေမည့် အစိုးရ၏ ထိန်းချုပ် ကွပ်ကဲမှု၊ စွက်ဖက်မှု၊ သြဇာလွှမ်းမိုးမှုများမှ ကင်းလွတ်ပြီး ပြည်သူအများအတွက် အကျိုးရှိ စေမည့် သတင်း အချက်အလက်များကို ဖြန့်ချိ အသိပေးနိုင်မည့် ပုဂ္ဂိုလ်များ အဖွဲ့အစည်းများ တည်ရှိ လုပ်ဆောင်နိုင်ခြင်း ရှိ-မရှိ၊

၁ဝ။  စစ်တပ်နှင့် နိုင်ငံလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကို ရွေးကောက်ပွဲမှတဆင့် ရွေးချယ် တင်မြှောက်ခံရသူများက ထိန်းသိမ်းကွပ်ကဲနိုင်ခြင်း ရှိ-မရှိ၊

ထို့ကြောင့် ပြည်သူများအနေဖြင့် အထက်ဖော်ပြပါအချက် ၁၀ ချက်ပါ အကြောင်းအရာများကို လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အကြောင်းအချက်များဖြင့် ချိန်ထိုးကြည့်ရန် လိုအပ်လှပေသည်။ ကိုက်ညီမှုမရှိသော အခြေအနေ မည်သည့်အတိုင်းအတာအထိ ရှိနေသည်၊ မကိုက်ညီသော အကြောင်းအချက်များ မည်မျှပါဝင်နေသည် စသည်တို့ကို ပိုင်းခြားပြီး စစ်အာဏာရှင် နအဖက ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးမည်လော၊ မဲမပေးပဲ နေမည်လော သို့မဟုတ် မည်သို့ လုပ်မည်နည်း ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်သည်။

ဤနေရာတွင် ထည့်သွင်းစဉ်းစားရန် အချက်တချက်ကို တင်ပြလိုသည်။ ရွေးကောက်ပွဲဆိုသည်မှာ အနာဂတ်အတွက် ဖြစ်သည်။ ပစ္စုပ္ပန်အတွက် မဟုတ်၊ အတိတ်အတွက် မဟုတ်ပေ၊ မိမိ၏အနာဂတ်၊ မိမိ၏ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဘက်၊ နိုင်ငံသူနိုင်ငံသား အားလုံး၏ အနာဂတ် ဖြစ်သည်။ ထိုကဲ့သို့ အနာဂတ်အတွက် အကျိုးသက်ရောက်မှု ဖြစ်စေမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပေါ့ပေါ့တန်တန် မတွေးအပ်ပေ၊ သဘောမထားအပ်ပေ။ စစ်တပ် လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်အောက်တွင် နေထိုင်မည်လော သို့မဟုတ် မနေထိုင်မည်လော ဆိုသည်ကို စဉ်းစားဆုံးဖြတ်စေလိုပါသည်။

ကျော်ကျော်စိုး

sayarkway@gmail.com

Download – To vote or no vote or waht to do

Advertisements

About 2010 Election Boycott Committee (Japan)
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ၂၉-၈-၂ဝ၁ဝ နေ့မှာ တရားဝင် စတင် ဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် နအဖက လုပ်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုစွမ်းအားနဲ့ ဆန့်ကျင်ရာမှာ ဂျပန်ကနေ ပံ့ပိုးကူညီပေးဖို့ ဖြစ်ပါတယ်။ ဒီကော်မတီ သက်တမ်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးတဲ့အထိ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: