Video – EBC မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်)

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်)

(တိုကျို၊ ဂျပန်) ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့)

မြန်မာပြည်သူတို့၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပွဲကို စစ်အာဏာရှင် အာဏာရူးတို့က လာမည့် နိုဝင်ဘာလ (၇)ရက် တနင်္ဂနွေနေ့တွင် ကျင်းပပါတော့မည်။ ဤရွေးကောက်ပွဲမှာ စစ်အာဏာရှင်တို့က မဖြစ်မနေ ကျင်းပရသော ရွေးကောက်ပွဲ မဟုတ်ပဲ ၎င်းတို့ စိတ်ကြိုက်အနေအထားရ၍ တရားမဝင် အာဏာသိမ်း အုပ်စုမှ တရားဝင် အစိုးရဖြစ်လာအောင် မတရားမှုပေါင်းစုံဖြင့် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်။

ဤသို့သော နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ လိုလားသော ပြည်သူတို့အနေဖြင့် လုံးဝဥဿုံ လည်စင်းခံ အလျှော့ပေး၍ မဖြစ်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ရပါမည်။ ဒီမိုကရေစီ ဘက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်၍ အာဏာရှင်တို့၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်ရပါမည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဖြစ်နိုင်သမျှ နည်းလမ်းများစွာဖြင့် အားတက်သရော ကြိုးပမ်းလျက်ရှိပါသည်။

ဆန့်ကျင်တိုက်ဖျက်ရာတွင် စည်းစနစ်ကျနစွာဖြင့် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်လျက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ (ပထမအကြိမ်) ကို ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့) နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ Recycle Center 4 F, Takadanobaba, Shinjuku, Tokyo တွင် ကျင်းပခဲ့ပါသည်။

လူထုနှိုးကြားမှုကို အားဖြည့်ဆောင်ရွက်ရန်အတွက် ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင် ထားပြီး YouTube, Internet TV အစရှိသည့် ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံအရပ်ရပ်သို့၎င်း ဖြန့်ချိပေးလျက်ရှိပါသည်။

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)

…………..

မှတ်တမ်းတင် ဗီဒီယို – sankyawooo

ဆွေးနွေးပွဲ အမှတ်စဉ် (၁)
ဆွေးနွေးပွဲ အမှတ်စဉ် (၂)
ဆွေးနွေးပွဲ အမှတ်စဉ် (၃)
ဆွေးနွေးပွဲ အမှတ်စဉ် (၄)
ဆွေးနွေးပွဲ အမှတ်စဉ် (၅)
ဆွေးနွေးပွဲ အမှတ်စဉ် (၆)
ဆွေးနွေးပွဲ အမှတ်စဉ် (၇)
ဆွေးနွေးပွဲ အမှတ်စဉ် (၈)
ဆွေးနွေးပွဲ အမှတ်စဉ် (၉)
ဆွေးနွေးပွဲ အမှတ်စဉ် (၁ဝ)

ဆက်လက်ဖော်ပြပါမည်။

စစ်အစိုးရ ပြောတဲ့အတိုင်းသာ ပယ်လိုက်ပါ

စစ်အစိုးရ ပြောတဲ့အတိုင်းသာ ပယ်လိုက်ပါ

 

နိုဝင်ဘာ ၁ ရက်တွင် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာထဲတွင် လာမယ့်ရွေးကောက်ပွဲတွင် မဲပေးမှုနှင့် ပတ်သက်တဲ့ ရှင်းလင်းချက်တခုကိုဖော်ပြထားတာကိုဖတ်လိုက်ရပါတယ်။ ဘယ်လိုမဲမျိုးဟာ ပယ်မဲဖြစ်တယ် ဆိုတာကို ရှင်းပြထားတာ ဖြစ်ပါတယ်။

(၁) ကိုယ်စားလှယ်လောင်း တဦးထက်ပိုပြီး သူတို့ရဲ့အမည်နဲ့ သင်္ကေတနဘေးက အကွက် ထဲမှာ အမှန်သင်္ကေတ ကိုခြစ်တာပဲဖြစ်ဖြစ် အမှားသင်္ကေတ Χ ကိုပဲဖြစ်ဖြစ် ခြစ်လိုက်ရင် ပယ်မဲ တဲ့။

(၂) လုံးဝ ဆန္ဒပြု မထားပဲ ဗလာဖြစ်နေရင်လည်း ပယ်မဲ တဲ့။

(၃) တယောက်တည်းကို ဆန္ဒပြုထားပေမဲ့ အမှန်လိုလို အမှားလိုလို သင်္ကေတဖြစ်နေရင်လည်း ပယ်မဲ တဲ့။

နိုဝင်ဘာ ၇ ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံ ထားတဲ့စနစ်ကို ထူထောင်ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တာမို့ အဲဒီစနစ် ပေါ်ထွန်းမလာစေဖို့ မြန်မာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။

စစ်တပ်က နိုင်ငံရေးမှာ လက်ဝါးကြီးအုပ်ခွင့်ကို အာမခံချက်ပေးထားတဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပတာဖြစ်တဲ့အတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ အနေနဲ့ မဲမပေးပဲ နေလို့ရပါကနေပါ။ မဲမပေးပဲနေလို့မရရင် မဲသွားပေးပါ။ ပေးလို့ရှိရင် ပယ်မဲ ဖြစ်အောင်လုပ်ပါ။ နအဖပြောတဲ့အတိုင်း ပယ်မဲဖြစ်စေတဲ့အချက် သုံးချက်နဲ့ ကိုက်အောင် လုပ်လိုက်ပါ။

မဲပေးတဲ့သူအရေအတွက် Turn out နည်းလို့ရှိရင် ဒါမှမဟုတ် ခိုင်လုံတဲ့မဲနည်းပြီး ပယ်မဲများလို့ရှိရင် ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ နိုင်တဲ့သူဟာ လူနည်းစုရဲ့ထောက်ခံမှုကိုသာ ရတဲ့သူ ဖြစ်တယ်၊ လူအများစုရဲ့ သဘောထားကို ထင်ဟပ်တဲ့သူ၊ ကိုယ်စားပြုတဲ့သူ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ရှေ့ရေး၊ ကိုယ်သားသမီးရှေ့ရေး၊ မမွေးဖွားသေးတဲ့ ကိုယ့်ရဲ့သွေးမျိုးဆက်တွေကိုရဲ့ အနာဂတ်တွေကိုပါ စဉ်းစားကြည့်လိုက်ပါ။ ဒါဆိုရင် ဘာလုပ်ရမလဲဆိုတာ အဖြေပေါ်လာလိမ့်မှာပါ။

 

ကျော်ကျော်စိုး

sayarkway@gmail.com

နိုဝင်ဘာ ၄ ရက်၊ ၂၀၁၀ ခုနှစ်

Download pdf – here

…………………….