ရွေးကောက်ပွဲများ

ဒီမိုကရေစီ သင်ခန်းစာများ (Lessons in Democracy) ဘာသာပြန်မှ ထုတ်နှုတ်ဖော်ပြပါသည်။ အာဏာရှင်စနစ်အောက်မှ မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းများဖြင့် မည်သို့မည်ပုံ ကွာခြားနေသည်ကို ဗဟုသုတ အလို့ငှာ၊ နိုင်ငံရေး အကျိုးဖြစ်ထွန်းစေမည့် လှုပ်ရှားမှု အလို့ငှာ ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာဘာသာပြန်သူ – လွင်အောင်စိုး

၃၁-၁ဝ-၂ဝ၁ဝ

………………………………..

အပိုင်း (၁၅)  ရွေးကောက်ပွဲများ

ကိုယ်စားပြု ဒီမိုကရေစီစနစ် (Representative Democracy) ဟာ ရွေးကောက်ပွဲတွေအပေါ် အခြေခံရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ရပါမယ်၊ သမာသမတ် ရှိရပါမယ်။ လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် လုပ်နိုင်မယ့် အခြေခံအချက်တွေလည်း ရှိနေရပါမယ်။ ဒါတွေအပြင် လက်ရှိ အစိုးရ ကိုယ်တိုင်က အစိုးရအရာရှိတွေအတွက် ရွေးကောက်ပွဲ ကျင်းပပေးတတ်တယ် ဆိုတဲ့အချက်ကိုလည်း ပိုပြီး အလေးအနက် ဂရုစိုက်ဖို့လိုပါတယ်။ ဆိုလိုတာက လက်ရှိအစိုးရ အရာရှိကြီးတွေက သူတို့ရာထူးဆက်မြဲဖို့၊ တနည်းအားဖြင့်ဆိုရင် သူတို့ရဲ့နိုင်ငံရေးပါတီက အာဏာဆက်ရနေဖို့ ရွေးကောက်ပွဲ တွေကို ထိန်းချုပ်လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းလေ့ရှိကြပါတယ်။

အဲဒီလိုလုပ်လာနိုင်ဖို့ ရှိနေတာတွေအားလုံးကို တားဆီးပိတ်ပင်ရပါမယ်။ အစိုးရဝန်ထမ်းတွေကို နောက်ထပ် အာဏာကန့်သတ် ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ တားဆီးပိတ်ပင်တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗဟို အစိုးရဝန်ထမ်းတွေက ရွေးကောက်ပွဲ လှုပ်ရှားမှုမှာ မပါဝင်ရအောင် တားမြစ်ထားရတာကို နမူနာယူကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲတွေက နိုင်ငံသားတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရှင်းလင်းသဲကွဲအောင် ဖော်ပြပါတယ်။ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေက အမှန်တကယ် လွတ်လပ်ပြီး သမာသမတ်ရှိတယ်ဆိုရင် နိုင်ငံသားတွေရဲ့ဆန္ဒကို ရွေးကောက်ပွဲနဲ့ စည်းစနစ်ကျနအောင် အကောင်အထည် ဖော်ပေးနိုင်ပါတယ်။

နိုင်ငံသားတွေမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ မဲပေးနိုင်ခွင့် (ဒါမှမဟုတ်) ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်မပြိုင်ဘူးဆိုရင် ရွေးကောက်ပွဲတာဝန်တွေကို ယူနိုင်ခွင့် ရှိပါတယ်။ မဲပေးသူနဲ့ ရွေးကောက်ပွဲဝင်ပြိုင်သူ တွေဟာ နိုင်ငံတော်က အကာအကွယ် ပေးတာကို ရယူပိုင်ခွင့် ရှိပါတယ်။ နိုင်ငံတော်ကပေးတဲ့ ဝန်ဆောင်မှုတွေကို လက်ခံရယူခွင့် ရှိပါတယ်။ နစ်နာဆုံးရှုံးတာတွေအတွက် နိုင်ငံတော်ကို တရားဝင်တိုင်တန်းခွင့် ရှိပါတယ်။

နိုင်ငံသားဖြစ်တယ် ဆိုတဲ့အချက်က တန်းတူညီမျှတဲ့သဘောကို ဆောင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးစနစ်တခုခုမှာ တန်းတူ ညီတူ ပါဝင်နိုင်ခွင့်ရှိတာကို ဖော်ပြပါတယ်။ ဥပမာ- နိုင်ငံရေးပါတီကို ထူထောင်နိုင်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံနိုင်ပါတယ်။

ရွေးကောက်ပွဲ ဆိုတာက နိုင်ငံရေးမှာ တရားဝင် ပါဝင်နိုင်ခွင့်ရှိတဲ့သဘောကို ဆောင်ပါတယ်။ ရွေးကောက်ပွဲတွေကို သမားရိုးကျ အတိုင်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ရပါတယ်။ လျှို့ဝှက်လုပ်ဆောင်လို့ မရပါဘူး။ စည်းစနစ်ကျနရပါတယ်။ ရွေးကောက်ပွဲဟာ သဘောမတူ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ပုန်ကန်ထကြွတာလည်း မဟုတ်ပါဘူး။

အစိုးရအတော်များများက နိုင်ငံသားတချို့ကို မဲမပေးနိုင်အောင်၊ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကန့်သတ် တားမြစ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲမှာ သူတို့မလိုလားတဲ့ အချို့အဖွဲ့တွေက အနိုင်ရရှိသွားမှာကို မလိုလားလို့ နိုင်ငံရေးအရ စိန်ခေါ် ယှဉ်ပြိုင်လာတာတွေကို အစိုးရတွေက တားဆီးလေ့ရှိတာဘဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူမျိုးစုရေးရာကို အကြောင်းပြုပြီး  နိုင်ငံရေးမလုပ်ဖို့လည်း ကမ္ဘာတလွှား အစိုးရတွေက ကန့်သတ်ထားတတ်ပါတယ်။

လူအချို့ကို ပုံမှန်လည်ပတ်နေတဲ့ လူ့အသိုင်းအဝိုင်းကနေ ခဏဖြစ်ဖြစ် ဖယ်ရှားထားရတဲ့ မူတခု ရှိပါတယ်။ ဥပမာ- ဆိုးဆိုးဝါးဝါး ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖယ်ရှားခံနေရသူတွေဟာ မဲပေးခွင့် မရပါဘူး။ အစိုးရက  ကန့်သတ်ထားရပါ တယ်။ မဲပေးနိုင်တဲ့ အနိမ့်ဆုံးအသက်ကို သတ်မှတ်ပြီး ကန့်သတ်ရပါတယ်။ အသက် (၁၈)နှစ်ပြည့်သူကို အနိမ့်ဆုံးအသက် ဖြစ်တယ်လို့ ကမ္ဘာ့နိုင်ငံအများစုက အများအားဖြင့် သတ်မှတ်တတ်ကြပါတယ်။ အမှန်တကယ် မဲပေးခွင့် ရှိရုံနဲ့ မဲပေးနိုင်တယ်လို့ အပြတ်မပြောနိုင်ပါဘူး။ ဥပမာ- မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတဦး ဖြစ်ပေမယ့်လည်း မဲပေးဖို့ မှတ်ပုံတင်ချိန်မှာ စိတ်ဖောက်ပြန် ရူးသွပ်နေ တယ်လို့ ဆေးစစ်ခံရရင် မဲပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုရင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ မဲပေးသူတွေ ဖြစ်နိုင်သမျှ အများဆုံး ရှိနေစေရ ပါတယ်။ ဒီမိုကရေစီစနစ်မှာ ထိထိရောက်ရောက်နဲ့ အကောင်းဆုံးဖြစ်စေဖို့ မဲပေးသူတွေမှာ လိုအပ်တာတွေကို ပြောပါမယ်။

1.         ပညာရေးအခြေခံနဲ့ အထွေထွေဗဟုသုတရှိရပါမယ်။ တဆက်တည်းမှာဘဲ လူ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အရှုပ်အထွေးတွေကို နားလည်နိုင်စွမ်းရှိနေပြီး လူမှုအသင်းအဖွဲ့တွေမှာ သင့်တင့်လျောက်ပတ်စွာ၊ တရားမျှတစွာ၊ ကျင့်ဝတ်ညီစွာ ပါဝင်နိုင်စွမ်း ရှိနေ ရပါမယ်။

2.         လူမှုရေးမှာ မလိုလားအပ်တာတွေက သြဇာလွှမ်းမိုးတတ်လို့ အဲဒါတွေကို ဖယ်ရှားနိုင်ရပါမယ်။ လူမှုရေးထိခိုက်မှာကို ငဲ့ကွက်ပြီး အားနာနေလို့ မရပါဘူး။

3.         အစိုးရက ဘာတွေ ရည်ရွယ်ထားသလဲ ဆိုတာ သိရမယ့်အပြင် အဖွဲ့အစည်းဌာနတွေ၊ ဘယ်လို စီမံ လုပ်ဆောင်နေကြသလဲ ဆိုတာတွေကိုလည်း သိထားရပါမယ်။

4.         အစိုးရ ထုတ်ပြန်ချက်တွေထဲမှာ လောလောဆယ် အရေးကြီးနေတာတွေကို သိထားရပါမယ်။

5.         မဲပေးသူရဲ့ဂုဏ်သိက္ခာ၊ အင်္ဂါရပ်တွေနဲ့တကွ ဘယ်လိုတာဝန်ရှိနေတယ် ဆိုတာကို သိထားရင်း စည်းစနစ်ကျန လွတ်လပ်စွာ မဲပေးနိုင်ရပါမယ်။

အမှန်တကယ်မှာတော့ ဘယ်လိုလူ့အဖွဲ့အစည်းမဆို ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးနိုင်လောက်တဲ့ မဲပေးသူတိုင်းမှာ အခု ပြောတဲ့ လိုအပ်ချက်အားလုံးကို အဆင့်မီမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာလုပ်ပေးသင့်သလဲလို့ မေးစရာဖြစ်လာပါတယ်။ အဆင့် မမီရုံနဲ့ မဲမပေးနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ မဲပေးနိုင်ခွင့်ကို အဆုံးရှုံးခံလို့တော့ မရပါဘူး။ ဒ့ါပြင် အဆင့်မီ-မမီဆိုတာကို ယုတ္တိရှိရှိ၊ မျှမျှတတ ဘယ်လိုတိုင်းတာမလဲ။ ဒါမျိုးတွေကို တခါမှလည်း မစဉ်းစားမိခဲ့ပါဘူး။

လုပ်ပေးနိုင်တာ တခုဘဲ ရှိပါတယ်။ အဲဒါကတော့ “လူထုပညာပေးရေး” ပါဘဲ။ လူထုပညာပေးရေးပုံစံနဲ့ မဲပေးရမယ့်သူတွေကို ရွေးကောက်ပွဲမှာ လိုအပ်တဲ့ ဗဟုသုတတွေကို ဝေမျှပေးတာဖြစ်ပါတယ်။ မဲပေးတဲ့ကိစ္စအပြင် ဆက်နွယ်နေတဲ့ အခြားကိစ္စတွေအပေါ် လူထုက စိတ်ဝင်စားတဲ့အဆင့်၊ နားလည်သဘောပေါက်တဲ့အဆင့်၊ ပါဝင် လုပ်ဆောင်လာတဲ့အဆင့်ဆိုပြီး ရှိတာဖြစ်လို့ အချိန်ယူပြီး အသိပညာပေးရပါလိမ့်မယ်။

နိုင်ငံရေးကို တရားဝင် ဦးဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့အခါ နိုင်ငံကထောက်ပံ့ ထားတဲ့ ရုံးခန်း၊ လွှတ်တော် အစရှိတာတွေ သုံးပြီး အစိုးရရဲ့စီမံခန့်ခွဲရေး၊ ဥပဒေပြုရေးတွေကို လူသိရှင်ကြား လုပ်ရပါတယ်။

နိုင်ငံအဆင့်အနေနဲ့ အထူးအရေးကြီးတဲ့ မလုပ်မဖြစ် ဂရုစိုက်စရာကိစ္စတွေအပေါ် လူထုက လက်ခံကျင့်သုံးလိုသလား ဆိုတာကို အစိုးရတွေက သိဖို့လိုပါတယ်။ ဒီအခါ လူထုဆန္ဒ ခံယူပွဲကို ကျင်းပပေးရပါတယ်။ နိုင်ငံသားတွေက မဲပေးပြီး သူတို့ဆန္ဒကို ထုတ်ဖော်ကြပါတယ်။ လူထုဆန္ဒခံယူပွဲဟာ ပုံမှန်ရွေးကောက်ပွဲတွေနဲ့ တပြိုင်တည်းကျင်းပတာလည်း ရှိတတ်ပါတယ်။ သီးခြားစီ ကျင်းပတာ လည်း ရှိပါတယ်။

ရွေးကောက်ပွဲအနိုင်ရသူတွေက ရာထူးသက်တမ်းတခုအတွင်းမှာ နိုင်ငံရေးကို ဦးဆောင်လုပ်ကိုင်ပေးရပါတယ်။ ပုံမှန်ရာထူး သက်တမ်းဟာ ၄ နှစ် (ဒါမှမဟုတ်) ၅ နှစ် ကြာပါတယ်။ ယေဘူယျအားဖြင့် ရာထူးသက်တမ်း ပိုပြီးတိုရင် အကောင်းဆုံးပါဘဲ။ ဘာကြောင့်လဲဆိုတော့ ရာထူးလက်ကိုင်ရှိသူကို ရာထူးသက်တမ်းအတွင်းမှာ ဖယ်ရှားဖို့ ခက်တာကြောင့်ဖြစ်ပါတယ်။

နိုင်ငံရေးဦးဆောင်သူတယောက်က ဦးဆောင်နိုင်စွမ်း ညံ့ဖျင်းနေတတ်တာဟာ မဆန်းပါဘူး။ ဒီခေတ်မှာ ပိုပြီးတောင် တွေ့မြင်နေကြရပါတယ်။ အရည်အချင်းညံ့ဖျင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကို နောက်ထပ်သက်တမ်းတခုအတွက် ဆက်လက် မရွေးချယ်မိဖို့ လိုပါတယ်။ အရည်အချင်းညံ့ဖျင်းတဲ့သူက နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပါဝင်လာမှာကို တားဆီးနိုင်ဖို့ အာဏာကန့်သတ်ထားရပါတယ်။ မဲပေးမယ့် လူထုကလည်း ပြောခဲ့တဲ့အတိုင်း အဆင့်မီမီ မဲပေးရွေးချယ်နိုင်ဖို့ လိုပါတယ်။

သမတဦးဆောင်တဲ့ ဒီမိုကရေစီစနစ်မှာ သမတနဲ့တကွ အခြား ဥပဒေပြုအမတ်တွေအတွက် သူတို့ ရာထူးသက်တမ်း ကုန်ချိန်လောက်မှာ ရွေးကောက်ပွဲ ကျင်းပပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်မှာလည်း ဒီအတိုင်းဘဲရှိပေမယ့် ကွာခြားသွားတာကတော့ နိုင်ငံရေးအခြေအနေတချို့မှာ ဝန်ကြီးချုပ် ဖြစ်သူဟာ ရွေးကောက်ပွဲကို ပုံမှန်သက်တမ်းထက် စောပြီး ခေါ်ယူကျင်းပနိုင်ခွင့် ရှိတာဘဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို သက်တမ်းစောပြီး ကျင်းပတာကြောင့် ဒီမိုကရေစီ နည်းလမ်းမကျပဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်  ဒီလိုလုပ်တာဟာ ဝန်ကြီးချုပ်နဲ့တကွ သူ့ရဲ့ အာဏာရနိုင်ငံရေးပါတီအနေနဲ့ အခွင့်သာအောင် ဖန်တီးပေးတာဘဲ ဖြစ်ပါတယ်။

ပါလီမန်ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေးပါတီက အစိုးရဖွဲ့ခွင့် ရပါတယ်။ အစိုးရဖြစ်လာပေမယ့်လည်း အစိုးရရဲ့ အရည်အချင်း ညံ့ဖျင်းရင် အစိုးရအပေါ် အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ရတဲ့ လုပ်ငန်းစဉ်တခု (No confidence vote) ရှိပါတယ်။ ရွေးချယ်တင်မြှောက်ခံထားရသူတွေကို ရာထူးသက်တမ်း မကုန်မီမှာတောင် ဖယ်ရှားနိုင်ဖို့ စီမံထား တာပါ။ တကယ်လို့ အယုံအကြည်မရှိ မဲခွဲရာမှာ အစိုးရဘက်ကနိုင်သွားရင် ရွေးကောက်ပွဲကို စောပြီး ကျင်းပပါတော့တယ်။ အတိုက်အခံဘက်မှာ နိုင်ခြေမရှိတော့လို့ အာဏာရပါတီဟာ နောက်ထပ်သက်တမ်းတခုကို စိတ်ချလက်ချ စတင်နိုင်လို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်တဲ့ အရည်အချင်းတွေဟာ အများအားဖြင့် အသက်၊ နိုင်ငံတွင်း နေထိုင်မှုအဆင့်၊ နိုင်ငံသားဖြစ်တဲ့ အချိန် ကာလတို့နဲ့ ပတ်သက်ပါတယ်။ ဒီထက်ပိုပြီး အရည်အချင်းပြည့်မီဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် နိုင်ငံအချို့မှာတော့ နောက်ထပ် ကန့်သတ်ထားတာတွေ ရှိတတ်ပါတယ်။ ဥပမာ-တက္ကသိုလ်ပညာရေး ရှိရမယ် စတဲ့ ကန့်သတ်ချက်တွေမျိုးပါ။ ဒီလို ကန့်သတ်ချက်မျိုး ရှိတယ်ဆိုရင် အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေဟာ ပိုက်ဆံရှိ ပညာတတ် ဖြစ်နေရပါတော့မယ်။ ဒါဆိုရင် ဆင်းရဲ နွမ်းပါးလို့ အထက်တန်းပညာ မသင်နိုင်ခဲ့ရသူတွေအတွက် နိုင်ငံရေးမှာ နေရာမရှိတော့သလို ဖြစ်နေပါတော့တယ်။ ဒါဟာ ငွေကြေး ဓနကို အမွေဆက်ခံပြီး နိုင်ငံရေးအမြတ်ထုတ်တာပါဘဲ။ လူအားလုံး တန်းတူညီတူဖြစ်ရမယ့် ဒီမိုကရေစီကျင့်စဉ်နဲ့  လုံးဝဆန့်ကျင် နေပါတယ်။ ဒီမိုကရေစီကို အစစ်အမှန်ကျင့်သုံးရင် ရွေးကောက်ပွဲ ဝင်မယ့်သူဟာ နိုင်ငံရေး အရည်အသွေး ရှိနေတဲ့အပေါ်မှာဘဲ မူတည်သင့်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို အစစ်အမှန် ဖြစ်ထွန်းစေလိုရင် ဘယ်သူမဆို ရွေးကောက်ပွဲ ဝင်နိုင်ခွင့် ရှိနေရပါမယ်။

ဒီမိုကရေစီနိုင်ငံမှာ မဲပေးသူတို့တွေဟာ စိတ်ကြိုက်မဲပေး ရွေးချယ်နိုင်ခွင့် ရပါတယ်။ ဒီလိုဖြစ်နေအောင်လည်း မဲရုံတွေမှာ မဲပုံးပုံစံ၊ အထားအသိုကအစ အစစအရာရာ စီစဉ်ကာကွယ်ပေးထားရပါတယ်။ မဲပေးသူတွေကို ခြိမ်းခြောက်သွေးဆောင်ပြီး ရွေးချယ် မဲထည့် ခိုင်းတာမျိုး မရှိစေရပါဘူး။ လိုအပ်တဲ့အခါ မဲရုံတွေမှာ လက်နက်ကိုင်အစောင့်တွေကို ချထားပေးရပါတယ်။ International Monitor လို့ခေါ်တဲ့ နိုင်ငံတကာ မဲရုံစောင့်ကြည့်သူတွေကိုလည်း နေရာချထားပေးရပါတယ်။

မဲအနိုင်အရှုံးစာရင်း အတိအကျရဖို့ အလွန်အရေးကြီးပါတယ်။ မဲရုံတွေမှာ မမှန်မကန် စာရင်းသွင်းပြီး လူစားထိုး မဲပေးခိုင်းတတ် ကြပါတယ်။ ပြီးတော့ မဲခိုး၊ မဲလိမ်၊ မဲဖျောက် စတဲ့ မသမာမှုတွေ မရှိရအောင် ကာကွယ်ပေးဖို့ ကြိုတင်စီစဉ်ရပါတယ်။ မဲပေးမယ့်သူ စာရင်းကို အမှန်ဆုံးဖြစ်အောင် အတည်ပြုထားရပါတယ်။ မဲပေးမယ့်သူတွေအတွက် သက်သေခံ အထောက်အထားတွေကိုလည်း စနစ်တကျ ဖြစ်စေရပါတယ်။ အသက်ကြီးသူ၊ စာသိပ်မတတ်သူတွေလိုမျိုး မဲပေးသူတွေဟာ ရှုပ်ထွေးတဲ့ မဲပေးစနစ်ကို သိပ် နားမလည်ကြလို့ သူတို့ကို မသမာသူတွေက ခြိမ်းခြောက်သွေးဆောင်ပြီး မဲထည့်ခိုင်းတတ်ကြပါတယ်။ ဒါကြောင့် မဲပေးတဲ့ပုံစံဟာ အတတ်နိုင်ဆုံး လွယ်ကူရှင်းလင်းနေရပါမယ်။

ကိုယ်စားပြုဒီမိုကရေစီစနစ်မှာ မဲပေးသူတွေဟာ သူတို့သိပြီးသားသူတွေကို ရွေးချယ်နိုင်ကြပါတယ်။ ရွေးချယ်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဲပေးဖို့ အကြုံးဝင်သူမှန်သမျှ မဲပေးခွင့်ရပါတယ်။ မဲရုံကြီးကြပ်သူတွေဟာ ဆန္ဒမဲတွေကို မှန်မှန်ကန်ကန် စာရင်းသွင်းပြီး အမှားအယွင်းမရှိ ရေတွက်ရပါတယ်။ မဲရေတွက်ရာမှာ လူကိုယ်တိုင် ရေတွက်ရပါတယ်။ တိုးတက်ခေတ်မီလာတဲ့အခါမှာတော့ ခေတ်ပေါ် ကိရိယာအသစ်တွေ၊ နည်းပညာသစ်တွေကိုသုံးပြီး မဲပေးလာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မသမာမှု မရှိစေဖို့၊ စက်အမှား -လူအမှား မရှိစေဖို့ အတတ်နိုင်ဆုံးစစ်ဆေးပြီး တိကျအောင် လုပ်ရပါတယ်။ ရွေးကောက်ပွဲရလဒ်အပေါ် အပြင်းအထန် အငြင်းပွား တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအခါမှာ မဲတွေကို ပြန်ရေတွက်တာရှိသလို နောက်တကြိမ် မဲပြန်ပေးရတာလည်း ရှိပါတယ်။ နောက် တကြိမ် မဲပြန်ပေးတဲ့ပုံစံတွေက အမျိုးမျိုးရှိနိုင်ပါတယ်။

လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေအတွက် ရွေးကောက်ပွဲ ကျင်းပတဲ့ အမျိုးအစားဟာ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ရွေးချယ် တင်မြှောက်ခံထားရသူက သေဆုံးသွားရင် (ဒါမှမဟုတ်) အလုပ်ထွက်သွားရင် (ဒါမှမဟုတ်) ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းလို့ နှုတ်ထွက်ပေးရရင် အဲဒီလူရဲ့ရာထူးက လစ်လပ်နေမှာ ဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရတာပါဘဲ။ စီစဉ်နေကျ ပုံစံမျိုး မဟုတ်တဲ့အပြင် ပုံမှန်ရွေးကောက်ပွဲ ကျင်းပချိန်မဟုတ်ပဲ လုပ်ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲမပေးပဲ နေလို့ရ-မရ ဆိုတဲ့ကိစ္စဟာ နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်နေလို့ အပိုင်း(၁၆) နိုင်ငံရေးပါတီတွေရဲ့ အခန်း ကဏ္ဍရောက်မှ ပြောပါတော့မယ်။ နိုင်ငံတချို့မှာ နိုင်ငံသားတွေဟာ မဲပေးဖို့ ပျက်ကွက်ရင် နောက်တကြိမ် မဲပေးခွင့် ဆုံးရှုံးတတ် တာမျိုး ရှိပါတယ်။

လိုလားချက်တခုခုကို ဖြည့်ဆည်းပေးနိုင်ဖို့ကိစ္စမှာ စောဒကတက်စရာ နမူနာတခုကို ပြောပါမယ်။ ရွေးချယ် တင်မြှောက် ခံရသူတွေကို ပိုပြီးတရားဝင်ဖြစ်အောင် နိုင်ငံတွေက အတတ်နိုင်ဆုံး ကြိးပမ်းကြပါတယ်။ အကြောင်းကတော့ လူထုဆန္ဒကို ဖြည့်ဆည်းပေးတယ် ဆိုတဲ့ သမိုင်းမှတ်တမ်းကောင်းကို လိုချင်လို့ပါဘဲ။ ဒါပေမယ့် လူထုက မဖြစ်မနေ မဲပေးရမယ် ဆိုတာကတော့ အာဏာရှင်ဆန်ပါတယ်။ မဲပေးတာဟာ နိုင်ငံသားတဦးအနေနဲ့ နိုင်ငံတာဝန် ထမ်းဆောင်ခွင့် ရတယ် ဆိုတဲ့ ဂုဏ်ပုဒ်တခု ပါဘဲ။ ဒါပေမယ့် မဲပေးတယ်၊ မပေးဘူးလို့ ဆုံးဖြတ်တာဟာ အဲဒီနိုင်ငံသားရဲ့ လွတ်လပ်တဲ့ ဆန္ဒအတိုင်းဘဲ ဖြစ်သင့်ပါတယ်။

 

မူရင်း (အင်္ဂလိပ်ဘာသာ) © Roland O. Watson 2008

မြန်မာဘာသာပြန် – လွင်အောင်စိုး

………….

တအုပ်လုံး ဘာသာပြန်အတွက် download  PDF – http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf

ဒုတိယ ပင်လုံစာချုပ် လိုအပ်နေပြီ

၂ဝဝ၉ ခုနှစ် မတ်လတွင် ဖြန့်ချိခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါသည်။

လွင်အောင်စိုး

၂၉-၁ဝ-၂ဝ၁ဝ

…….

Design – လူထုအသံ

p1

p31

p21

Download PDF: engagement-is-needed.pdf

……

ပစ်မှတ်ကို ဖြိုချခြင်း

ပစ်မှတ်ကို ဖြိုချခြင်း

လွင်အောင်စိုး

၇-၉-၂ဝ၁ဝ

၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့က ဆန့်ကျင်တယ် ဆိုရာမှာ ဒီမိုကရေစီ လိုလားသူတွေအတွက် အလုပ်ဖြစ်နိုင်မယ့် နိုင်ငံရေး အနေအထား၊ အဝန်းအဝိုင်း (atmosphere) ရောက်အောင် ဒီရွေးကောက်ပွဲကို ဖိအားပေးနေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ၊ ဒီလိုမျိုး ရွေးကောက်ပွဲလုပ်ဖို့ အကွက်ချ စီစဉ်သူတွေကို ဖိအားပေးနေတာ ဖြစ်ပါတယ်။

ကျနော်တို့ဘက်က ကြည့်ရင် “ရွေးကောက်ပွဲ” ဆိုတာ “ပစ်မှတ်” ဖြစ်ပါတယ်။ ပစ်မှတ်ကို ရှာတွေ့ရုံနဲ့ အလုပ်မဖြစ်ပါ။ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ဖို့ ပစ်တတ်တဲ့သူ၊ ပစ်ဖို့ လေးမြှားသေနတ်၊ ပစ်ဖို့ အချိန်၊ အင်အား အစရှိသလို သူ့နေရာနဲ့သူ ပေါင်းစပ် ထည့်ပေးရမှာတွေလည်း ရှိရပါမယ်။ ကျနော်တို့ အလုပ်က အဲဒါတွေပါ။

ပဲခူးက အရပ်သား လူငယ် ၂ ဦးကို စစ်သားတွေက စစ်ဥပဒေ၊ စစ်စည်းကမ်း၊ နိုင်ငံတကာ ဂျီနီဗာ သဘောတူ စာချုပ်တွေကို ချိုးဖောက်ပြီး တိုက်ပွဲဝင် လူသတ်လက်နက်တွေနဲ့ ပစ်သတ်တာဟာ မင်းမဲ့ စရိုက် (Anarchy) တမျိုး ဖြစ်ပြီး ဒီလို မင်းမဲ့စရိုက်မျိုးကို အုပ်ချုပ်သူ စစ်အစိုးရကိုယ်တိုင်က ပြုမူတာ ဖြစ်နေပါတယ်။

ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ သတိပြုစရာ၊ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေတွေထဲက တခုပါ။ ဒီလိုမျိုး အခြေအနေတခုကို ဒီမိုကရေစီရဖို့ အလုပ်ဖြစ်နိုင်မယ့် နိုင်ငံရေး အနေအထားထဲမှာ မရှိမဖြစ် ထည့်ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်လတာဘဲ လိုတော့တဲ့ အချိန်မှာတောင် တရားမျှတတဲ့ တရားဥပဒေ စိုးမိုးမှု အစစ်အမှန် ရှိမနေသေးလို့ ပါဘဲ။ (“တရားမမျှတတဲ့ တရားဥပဒေ” လို့ သုံးနှုန်းတာဟာ ရီစရာဖြစ်ကောင်း ဖြစ်နေပါမယ်။ အမှန်တော့ နအဖ စစ်အစိုးရဟာ လူထုကို နှိပ်ကွပ်ဖို့ မတရားတဲ့ ဥပဒေတွေကို ထင်သလို ပြဌာန်း ကျင့်သုံးနေလို့ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် Rule of Unjust Law လို့ ဆိုရမလားဘဲ။)

ကျနော်တို့က ဒါကို ရွေးကောက်ပွဲနဲ့ မဆိုင်သလို သဘောထားပြီး လက်ပိုက်ကြည့်နေလို့ လုံးဝ မဖြစ်ပါ။ (အခု စာရေးနေချိန်ကစလို့) လာမယ့် နှစ်လတိတိ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ရက် (၇-၁၁-၂ဝ၁ဝ) နေ့မှာ စစ်သားတွေက မဲထည့်မယ့်သူတွေကို သေနတ်ပြပြီး ခြိမ်းခြောက်နိုင်ပါတယ်။ သူတို့မလိုရင် မလိုသလို မဲရုံတွေမှာ မဲမသမာမှုတွေကို စောင့်ကြည့်နေမယ့်သူတွေကို သေနတ်နဲ့ ပစ်ခတ်လိုက် နိုင်ပါတယ်။ အစိုးရ ကျောထောက်နောက်ခံရတဲ့ ကြံ့ဖွတ်ပါတီကလွဲလို့ ကျန်တဲ့ ဘယ်လို နိုင်ငံရေး ပါတီတွေကိုမဆို စစ်တပ်က ရန်သူလို့ သဘောထားနေမလားဆိုတာ ကျနော်တို့ ကြိုတွေးဖို့ ဖြစ်လာ ပါပြီ။ ဒီအခါမှာ ကြံ့ဖွတ်က အနိုင်ရဖို့ မဖြစ်နိုင်တဲ့ မဲဆန္ဒနယ်က အခြား အမတ်လောင်းတွေကို လုပ်ကြံ သတ်ဖြတ်မှုတွေ ရှိလာနိုင်ပါတယ်။

လာမယ့် နှစ်လအကြာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာပိုင်တွေ ကိုယ်တိုင်က မင်းမဲ့စရိုက် တွေ ကျူးလွန်ပြီး ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုံးဝ မဟုတ်တော့ပါဘူး။ တိုင်းသူပြည်သူတွေရဲ့ အနာဂတ်ကံကြမ္မာဟာလည်း လူဆိုး လူမိုက် လူရမ်းကားတွေရဲ့ လက်ထဲမှာ ဝကွက်အပ်ခံရပါလိမ့်မယ်။

လိုရင်းကို ချုပ်ပြောရရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်ပရောက် ကျနော်တို့က ဆန့်ကျင်ရာမှာ

  1. ရွေးကောက်ပွဲနဲ့ အပေါ်ယံအားဖြင့် တိုက်ရိုက် မပတ်သက်သယောင်ယောင် ရှိနေတယ် ဆိုရင် တောင်မှ ရွေးကောက်ပွဲလုပ်ဖို့ အစစအရာရာ စိတ်ကြိုက် ပုံသွင်းနေတဲ့ အာဏာပိုင်တွေက  ဥပဒေမဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုနဲ့ အခြားပြစ်မှုမှန်သမျှကို ကျနော်တို့ လက်လှမ်းမီသလောက် အမိအရ အတိအကျ ဖော်ထုတ်ပြီး နိုင်ငံတကာ စာမျက်နှာပေါ် တင်ပေးရပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီမှာ တိုင်တန်းရပါမယ်။
  2. သူတို့ ကျင့်သုံးနေတဲ့ မတရားတဲ့ ဥပဒေတွေကို ပြည်သူတွေ သိနားလည်လာအောင် ကျယ်ကျယ် ပြန့်ပြန့် သတင်းဖြန့်ဖြူးပြီး အသိပညာ ပေးရပါမယ်။
  3. လူထုစွမ်းအားရဲ့ တန်ဖိုးကို လူတိုင်း နားလည် အသုံးချတတ်အောင် ရှင်းပြပေးရပါမယ်။

တကယ်လို့များ တရားဥပဒေ စိုးမိုးမှု အမှန်တကယ်ရှိနေပြီး ဒီမိုကရေစီ ကျင့်ဝတ်စံနှုန်းတွေ ရှိနေတယ်၊ မရှိသေးလို့ ရှိလာအောင် တိတိကျကျ လုပ်နေတယ်ဆိုရင်တော့ ပစ်မှတ်ကို ဖြိုချဖို့ အကြောင်းမရှိပါ။ တကယ်တော့ ကျနော်တို့ လိုအပ်နေတာတွေဟာ လူ့အခွင့်အရေးတွေ အပြည့်အဝ ရရှိပိုင်ဆိုင်ဖို့ အာမခံနိုင်တဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီသာ မဟုတ်ပါလား ခင်ဗျာ။

လွင်အောင်စိုး

lwinaungsoe@gmail.com

Download the article – Here

လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် ဒေါ်စု သဘောထားများ အနှစ်ချုပ်

၂၅-၈-၂ဝ၁ဝ နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းမှ ပြောပြသည့် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အနှစ်ချုပ်


  1. ရွေးကောက်ပွဲမှာ NLD ကို မဲပေးချင်သည့် လူထုအနေဖြင့် NLD မရှိချိန်မှာ မဲမပေးဖို့သာရှိ။
  2. အသံလွှင့် သတင်းဌာန၊ သတင်းစာ၊ မီဒီယာများမှာ တွေ့မြင် ကြားသိနေရသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြိမ်းခြောက်မှု၊ လှည့်ဖျားမှု၊ ပြည်သူလူထုမှ မသိ နားမလည်ခြင်းကို အခွင့်ကောင်းယူ အမြတ်ထုတ်မှုမျိုးကို လက်မခံနိုင်။
  3. တိုင်းပြည် စီးပွားရေး အခြေအနေ မကောင်းလို့ ရွေးကောက်ပွဲမှာ ငွေကြေးထောက်ပံ့ဖို့ အခက်အခဲ ရှိနေကြောင်းကို (ဘီဘီစီ -မြန်မာ) မှ ကြားသိရ၍ စိတ်မကောင်းဖြစ်။
  4. ဘီဘီစီ၊ ဗီအိုအေ အစရှိ အသံလွှင့် သတင်းဌာနအားလုံးသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထု အားလုံးအတွက် နားထောင်နိုင်ဖို့ အားကိုးရ။
  5. ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို အချိန်ကပ်၍ ကြေညာခြင်းသည် မတရား၊ ပြည်သူလူထုကို မလေးစားခြင်း ဖြစ်သည်ဟု ထင်မြင်။
  6. Freedom of expression နဲ့ freedom of information ၊ သတင်းရယူခွင့်၊ သတင်းထုတ်ပြန်ခွင့်၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် စသည်များ မပါရှိပဲ တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်။
  7. ၂ဝဝ၈ အခြေခံဥပဒေအရ နောင်ဖြစ်လာမည့် အစိုးရကို ပြည်သူ့လွှတ်တော်မှ ထိန်းကျောင်း ကြပ်မတ်နိုင်ခြင်း မရှိ။ အဆိုပါ အစိုးရမျိုးသည် ပြည်သူ့လွှတ်တော်မှ တည့်မတ်နိုင်သော အစိုးရမျိုး မဖြစ်၊ ထိုအစိုးရမျိုးသည် သမတ လွှမ်းမိုးသော အစိုးရမျိုး ဖြစ်မည် စသည်တို့ကို ပြည်သူလူထုက လေ့လာဖို့ သင့်။
  8. ၂ဝဝ၈ အခြေခံဥပဒေ ပြဌာန်းချက်များမှ တရားမျှတမှု မရှိသောအချက်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများမှ တရားမျှတမှု မရှိသော အချက်များကို ပြည်သူလူထု သိရှိအောင် ဥပဒေ ပညာပေးများ လုပ်ပေးဖို့ လိုအပ်။
  9. မဲဆန္ဒရှင်တဦးက ထိုသို့သော တရားမျှတမှု မရှိသည့် အချက်များကို မသိပဲ မဲပေးခဲ့လျှင် အဓိပ္ပာယ် မရှိ။
  10. “ဥပဒေ ဆိုတာ တရားမျှတ ရမယ်။ လူတွေအားလုံးက (ဥပဒေ ထုတ်သူတွေ၊ ထိန်းပေးရတဲ့ သူတွေကအစ အားလုံး) တရားမျှတတဲ့ ဥပဒေကို လိုက်နာကြရမယ်။ အခုဟာက ဥပဒေ ကိုယ်တိုင်က တရားမျှတမှု မရှိဘူး။ ဒါ့အပြင် ဥပဒေကို ထုတ်သူ၊ ထိန်းသိမ်းကြီးကြပ်ရသူတွေ ကိုယ်တိုင်ကလည်း ဥပဒေကို မလိုက်နာဘူး။ ဒါဟာ မင်းမဲ့စရိုက် (Anarchy) ဖြစ်နေတယ်”(ဤသဘောကို ဆောင်သော စကားလုံးများကို ပြင်လည်ပြင်ဆင် ဖော်ပြခြင်း ဖြစ်သည်။)
  11. မြန်မာပြည်သူတို့အနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားသင့်၊ ပြည်သူလူထုက မဲဆန္ဒရှင်များ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ ဥပဒေများက တရားမျှတမှု မရှိလျှင် ယခုလက်ရှိပုံစံအတိုင်း ငြိမ်ခံမနေပဲ ရဲစခန်းသို့ တိုင်တန်းနိုင်။
  12. မဲရုံများကို စောင့်ကြည့်ပြီး မှန်ကန်မှု ရှိ-မရှိ စောင့်ကြည့် ဖော်ထုတ်ခြင်း (Monitor) ၏ အဓိပ္ပာယ်နှင့် လုပ်ရပ်ကို လူထုအနေဖြင့် အရင်ဦးစွာ သဘောပေါက် နားလည်နေအောင် ပြောဆိုပေးကြရန်၊ လူထုက ထိုသို့သိရှိလာမှသာ လိုအပ်သလို အရေးယူ ဆောင်ရွက် တိုင်တန်းနိုင်မှာဖြစ်။ တနည်းအားဖြင့် လူထုကို သိရှိအောင် ပညာပေးခြင်း (Public awareness) လုပ်ဖို့ လိုအပ်။

…………………………………………………….

အထက်ပါ အနှစ်ချုပ်မှာ  Burma Today တွင် ဖော်ပြထားသော အင်တာဗျူးမှ စကားပြောများကို  အနှစ်ချုပ်ထားခြင်း ဖြစ်သည်။

လွင်အောင်စိုး

……….